ပြန်ပေးဆပ်ရမယ် ဆိုတဲ့ တိုက်စစ်မှူး မူလာ တစ်ယောက် ဂျာမနီက ဂျပန်ကို ရှုံးတော့ ဘာပြောသေးလဲ

ကမ္ဘာ့ဖလား ချန်ပီယံဟောင်း ဂျာမနီဟာ အဖွင့်ပွဲမှာ အာရှ အသင်းဖြစ်တဲ့ ဂျပန်အသင်းကို ၁-၂ ဖြင့် အရေးနိမ့်ကာ ခက်ခဲတဲ့ တာထွက်မှုကို ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

နည်းပြဖီလစ်ဟာ ဟာဗက်ကို တိုက်စစ်တင်ပြီး မူဆီရာလာ၊ မူလာ၊ ဂနာဘီတို့ကို ပံ့ပိုးစေတဲ့ ၄-၅-၁ ပုံစံဖြင့် ပွဲထွက်လာခဲ့တာဖြစ်တယ်။ ဂျာမနီတို့ ဘောလုံးပိုင်ဆိုင်မှု ၈၅% ထိ ပိုင်ဆိုင်ပေမယ့် ပွဲကို ကစားလိုတဲ့အတိုင်း တစ်ဖက်သတ် ကစားနိုင်ခြင်း မဟုတ်ဘဲ ဂျပန်ရဲ့ အန္တရာယ်ပေးမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဂျာမဏီ ၁-၂ ဂျပန် ပွဲအပြီးမှာတော့ တိုက်စစ်မှူး မူလာက သူတို့အသင်းဟာ ဂျပန်ကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ရတာပါလို့ ဝန်ခံသွားပါတယ်။

မူလာက “ ကိုယ်ရဲ့ ခံစားချက်ကို ပြောရင် ကျနော်တို့တွေ ကစားပုံ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ကစားပုံကောင်းတယ်ဆိုတာ အခွင့်အရေးတွေ ရလာရင် ဂိုးအဖြစ် ပြောင်းလဲပေးနိုင်တာမျိုး ဂိုးတွေ ပိုသွင်းနိုင်တာမျိုးကို ပြောတာပါ။

ကျနော်တို့ ကစားပုံ ကောင်းပေမယ့် အခွင့်အရေး အသုံးချမှုပိုင်းမှာတော့ ပြိုင်ဘက်ထက် ညံ့ဖျင်းခဲ့ပါတယ်။ ကစားပုံ သာလွန်ပေမယ့် ပွဲကို အရေးနိမ့်တာကတော့ ရယ်ချင်စရာပါပဲ။ ဒါပေမယ့် ဘောလုံးမှာ မထိုက်တန်ပဲ နိုင်တဲ့အသင်းရယ်လို့ မရှိပါဘူး။ ရှုံးတဲ့ အသင်းတွေကလည်း ရှုံးသင့်လို့ ရှုံးကြတာချည်းပါပဲ ” လို့ ပြောဆိုသွားပါတယ်။

ဂျာမနီက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ စပိန် ၊ ဂျပန် ၊ ကော်စတာရီကာ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး မထင်မှတ်ပဲ ဂျပန်ကို ရှုံးနိမ့်သွားခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အတွက် လက်ကျန် ၂ပွဲစလုံးမှာ အနိုင်ရလဒ်တွေ ရအောင် ကြိုးစား ကစားရတော့မှာပါ။