ရော်နယ်ဒို နေရာ အမ်ဘာပေ နဲ့ အစားထိုးဖို့ မန်ချက်စတာ ယူနိုက်တက် ခြေလှမ်းပြင်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့နဲ့လမ်းခွဲလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ ရွေးချယ်စရာ တစ်ခု အနေနဲ့ ကီလီယမ် အမ်ဘာပေကို ပစ်မှတ်ထားနေပါတယ်။

သရဲနီတွေဟာ တိုက်စစ်မှူး အသစ် တစ်ယောက် ခေါ်ယူဖို့ အရင်ထဲက ချိတ်ဆက်နေခဲ့တာဖြစ်ပေမယ့် ရော်နယ်ဒိုရဲ့ စာချုပ်ဖျက်သိမ်းမှုအပြီးမှာ အရေးပေါ် လိုအပ်လာတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အသင်းကနေ မထွက်ခွာခင် ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ ယူနိုက်တက်အသင်း၊ အဲရစ်တန်ဟက်နဲ့ ဂလေဇာတို့ကိုပါ အကုန် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားသွားခဲ့တာပါ။

အခု သူဟာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ လုပ်ခလစာ စာရင်းမှာ ပမာဏ များစွာ လျော့သွားပြီဖြစ်သလို သူ့နေရာမှာ အစားထိုးဖို့ ဥရောပထိပ်တန်း ကြယ်ပွင့် တစ်ယောက်ကို ချိန်ရွယ်နိုင်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၅၀ ကျော် ကုန်ကျနိုင်သလို လုပ်ခလစာအနေနဲ့ ရော်နယ်ဒို နည်းတူ တစ်ပတ် ပေါင် ၅သိန်း ဝန်းကျင် ပေးရမှာ ဖြစ်ပါတယ်။

နာပိုလီရဲ့ ဗစ်တာအော်ဆင်ဟမ်ဟာလဲ ဇန်နဝါရီမှာ ရနိုင်ဖွယ်ရှိတဲ့ အရံ တိုက်စစ်ရွေးချယ်စရာ တစ်ခု အဖြစ် သတ်မှတ် ခံထားရတာပါ။ အဲရစ်တန်ဟက်အနေနဲ့ ဒီဇန်နဝါရီမှာ ဘာပေကို ခေါ်ယူနိုင်ရင် ပရီးမီးယားလိဂ်မှာ ကြီးမားပြင်းထန်တဲ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

အသက် ၂၃နှစ်သာ ရှိသေးတဲ့ ပြင်သစ်သားဟာ ကမ္ဘာ့ဖလား ရရှိပြီးသားဖြစ်ပြီး ကလပ် ကစားသမားဘဝမှာ မယုံနိုင်ဖွယ် ၂၂၁ဂိုး သွင်းယူထားတာပါ။

ဘာပေလို အရည်အသွေးမြင့်မားတဲ့ တိုက်စစ်မှူးတစ်ယောက်ဟာ ချန်ပီယံလိဂ်ကလပ်တစ်ခုအနေနဲ့ သူတို့ကိုယ်သူတို့ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီမှာ ပြဇာတ်ဆန်တဲ့ အကျိုးသက်ရောက်မှု ရှိလာစေမှာ ဖြစ်ပါတယ်။