အင်္ဂလန်အသင်းရဲ့ USA နဲ့ သရေပွဲမှာ နည်းပြ ဆောက်ဂိတ် ဘာ မှားခဲ့သလဲ နဗီးလ် ထောက်ပြ ဝေဖန်
မန်ယူနဲ့ အင်္ဂလန် နောက်ခံလူဟောင်းကြီး ဂယ်ရီ နဗီးက ဂါရတ် ဆောက်ဂိတ်ကို ယူအက်စ်အေနဲ့ပွဲစဉ်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား ဖီးလ် ဖိုဒန်ကို ပွဲထွက်ခွင့်မပေးခဲ့တဲ့ အတွက် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ဖိုလ်ဒန်ဟာ ယူအက်စ်အေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရဘဲ အသက် ၂၂ နှစ် အရွယ် စီးတီးကြယ်ပွင့်ဟာ အီရန်ကို ၆-၂ နဲ့အနိုင်ရခဲ့ခဲ့တဲ့ ယခုအပတ်အစောပိုင်းပွဲမှာလည်း နောက်ဆုံး မိနစ် ၂၀ သာ လူစားဝင် ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဂယ်ရီ နဗီးက မန်ချက်စတာစီးတီးကြယ်ပွင့်ရဲ့ ပွဲကစားချိန်ကင်းမဲ့နေမှုကို စိတ်ပျက်ခဲ့ပြီး အင်္ဂလန်အသင်းဟာ သောကြာနေ့ ညက အယ်လ် ဘေ့တ်ကွင်းမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း နားချိန်အတွင်း စကားပြောဆိုရာမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရ နဗီးက ဖိုဒန် မပါဝင်မှုအပေါ်မှာ ညည်းတွားခဲ့ပြီး မန်စီးတီးကြယ်ပွင့်ဟာ အင်္ဂလန်အသင်းထဲမှာ အကောင်းဆုံးကစားသမားနဲ့ အကောင်းဆုံး အရည်အချင်း ရှိသူဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“သူ မကစားရဘူးဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဖီးလ် ဖိုဒန် အင်္ဂလန်အတွက် ပွဲထွက် မပါဝင်နိုင်တာက တကယ့်ကို နှမြောစရာ ကောင်းပါတယ်။
သူက ကြီးမားတဲ့ အရည်အချင်းရှိတဲ့သူပါ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားနဲ့ ဒီတစ်နိုင်ငံလုံးမှာ အကောင်းဆုံးအရည်အချင်းရှိသူလို့ ထင်ပါတယ်။ သူ တကယ်ပဲ ဒီအသင်းမှာ ပွဲထွက်ပါဝင်ကစားပေးခွင့် ရသင့်ပါတယ်”

ဂယ်ရီ နဗီးက ပွဲအပြီးမှာလည်း ထပ်မံပြီး “ပြိုင်ပွဲတွေက ပန်းခင်းတဲ့လမ်းမျိုး ဖြစ်နေတာ အရမ်းကို ရှားပါးပြီး ဆောက်ဂိတ်လည်း အဲဒါကို သိပါလိမ့်မယ်။ ပေးဂိုးမရှိခဲ့တာက အပေါင်းလက္ခဏာဆောင်ပေမယ့် ကွင်းလယ်က ဖန်တီးနိုင်စွမ်းမရှိဘဲ အချိန်တော်တော်များများမှာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံပေါ်ခဲ့ပါတယ်။
ကျွန်တော့်အတွက်တော့ ဖိုဒန်ရဲ့ အရည်အချင်းက ကြီးမားပါတယ်။ ကျွန်တော် အဲဒီလိုမျိုးအရာကို မမြင်တွေ့ခဲ့ဖူးပါဘူး။ ကျွန်တော်တို့ လူစာရင်းထဲမှာ ဂျုဒ် ဘယ်လင်ဟမ်လိုမျိုး ကစားသမားတွေရှိတယ်ဆိုတာကို သိပါတယ်။
ဆောက်ဂိတ်က မေဆန် မောင့်နဲ့ စတားလင်းတို့ကို ပိုပြီး အသုံးပြုချင်တယ်။ ဒါပေမယ့် ဖိုဒန် ပွဲထွက်ခွင့်မရတာရော လူစားဝင် ကစားခွင့်မရတာရောက စိတ်ဝင်စားစရာကောင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။