ချဲလ်ဆီး တိုက်စစ်သမားကို ဇန်နဝါရီမှာ ခေါ်ဖို့ အပြိုင် စိတ်ဝင်စားလာတဲ့ မန်ယူနဲ့ လီဗာပူးအသင်း

ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က သူတို့ရဲ့ ပြိုင်ဘက် တသင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်းရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ကို စိတ်ဝင်စားနေကြကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် ပူလီဆစ်ကို အပြီး ဝယ်ယူဖို့ ထက် အငှားနဲ့ ခေါ်ယူဖို့သာ နှစ်သင်းလုံးက အားသန်နေကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ပြီးခဲ့တဲ့ ရာသီဝက်မှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ အသီးသီး ကြုံတွေ့ခဲ့ရတာပါ။

မန်ချက်စတာ ယူနိုက်တက်က အဓိက တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ လမ်းခွဲထားတာကြောင့် လာမယ့် ဇန်နဝါရီမှာ တိုက်စစ် ကစားသမား တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

အသက် ၂၄နှစ် အရွယ် အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်က ချဲလ်ဆီး မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပေမယ့် ယခု ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အမေရိကန်နဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ပါတယ်။

ဒါကြောင့်ပဲ တိုက်စစ်ပိုင်း လိုအပ်ချက်တွေ များပြားနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ပူလီဆစ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ချဲလ်ဆီးကလည်း အသင်းနဲ့ အံမဝင်တဲ့ ပူလီဆစ်ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေပါတယ်။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ပူလီဆစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပူလီဆစ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေပါ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

တဖက်မှာလည်း လီဗာပူးက ရာသီဝက်အငှားနဲ့သာ ရမယ် ဆိုရင် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရတဲ့ ဂျိုတာနဲ့ ဒီယက်ဇ်တို့ရဲ့ နေရာအတွက် ပူလီဆစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။