ပြိုင်ဘက် မက္ကဆီကို အသင်း အလံကို ခြေနဲ့ ကန်ထုတ်ခဲ့လို့ လီယွန်နယ် မက်ဆီ ဝေဖန် ဟိန်းဟောက် ခံနေရ

မက္ကဆီကို အလံနဲ့ကြမ်းသုတ်ခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက် လူမှု ကွန်ယက်မှာတော့ ပွဲတွေ ဖြစ်နေကြပါပြီ။ သေချာတာက မက်ဆီ လိုလူက အသင်းဖော်တွေရှိနေတဲ့အချိန်မျိုးမှာ ဒီလိုလုပ်ရပ်မျိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်မယ်လို့ တော့ မယူဆရပါဘူး။

မက္ကဆီကို အသင်းကို အနိုင်ရပြီးနောက် မက်ဆီတို့ အာဂျင်တီးနား ကစားသမားတွေဟာ အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ စိတ်လွတ်ကိုယ်လွတ် အောင်ပွဲခံနေကြပါတယ်။

ဆောဒီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် မက္ကဆီကိုနဲ့ပွဲရဲ့ အနိုင်အရှုံးဟာ အာဂျင်တီးနား အသင်း အတွက် အုပ်စုနောက်တစ်ဆင့်တင်နိုင်ရေးအတွက် အဆုံးအဖြတ်ဖြစ်စေတာကြောင့်လည်း ပွဲအပြီးမှာ ဒီနိုင်ပွဲအတွက် အားလုံး ပျော်ရွှင်နေကြတာလည်းဖြစ်ပါတယ်။

ဒီပျော်ရွှင်နေမှုကို အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ရှိနေသူတစ်ယောက်က မှတ်တမ်းတင်ထားခဲ့ပြီး ဆိုရှယ် မီဒီယာတွေမှာ လွှင့်တင်ခဲ့လိုက်ကာ ပရိသတ်တွေဆီ ပျော်ရွှင်မှုတွေ ကူးစက်စေခဲ့ပါတယ်။

ဒါပေမယ့် ဒီဗီဒီယိုရဲ့ ရှုထောင့်တစ်ခုမှာ မက်ဆီဟာ ပြိုင်ဘက်မက္ကဆီကိုအသင်းရဲ့ ဂျာစီကို အဝတ်လဲခန်း ကြမ်းပြင်မှာ ချထားခဲ့ပြီး ဖိနပ်နဲ့ ကန်လိုက်တယ်လို့ ယူဆရတဲ့ မြင်ကွင်းတစ်ခုလည်း ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့် ဗီဒီယိုထဲက (၁)စက္ကန့်မပြည့်တစ်ပြည့်သာပါဝင်ခဲ့တဲ့ မြင်ကွင်းနဲ့ပတ်သက်ပြီး မက္ကဆီကို နိုင်ငံသားတွေ ကတော့ မက်ဆီရဲ့အပြုအမူဟာ သူတို့တွေပေါ်မှာ လေးစားမှုမရှိဘူးဆိုပြီး စိတ်ပျက်နေကြပါတယ်။

ဒီထဲမှာတော့ လက်ဝှေ့သမားမျိုးနွယ်ကဆင်းသက်လာတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကာနယ်လိုအဲလ်ဗာရက်ဇ်က ဦးဆောင်ပြီး အာဂျင်တီးနားကြယ်ပွင့်ကို ဝေဖန်ခြိမ်းခြောက်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

တွစ်တာကတစ်ဆင့် ကာနယ်လိုက ” မက်ဆီဟာ ငါတို့ရဲ့အလံ၊ ငါတို့ရဲ့ဂျာစီနဲ့ သန့်ရှင်းရေးလုပ်ခဲ့တာကိုမြင်ခဲ့ရတယ်။ ဒီလူတော့ ငါနဲ့မတွေ့ပါစေနဲ့လို့ ဘုရားသခင်ဆီမှာ ဆုတောင်းထားသင့်ပြီ။ ငါတို့ အာဂျင်တီးနားကိုလေးစားသလို သူ့ဘက်ကလည်း မက္ကဆီကို ကို လေးစားရမယ်။ တိုင်းပြည်တစ်ခုလုံးရဲ့အကြောင်းမပြောပါဘူး၊ မက်ဆီလုပ်ခဲ့တဲ့ ရွံစရာအကြောင်းကိုပဲပြောတာပါ ” လို့ ကြိမ်းမောင်း ခဲ့ပါတယ်။

ပရိသတ်တစ်ယောက်ကလည်း ” ကာနယ်လိုရဲ့တုံ့ပြန်မှုက လွန်တယ်ထင်လား ” လို့ မှတ်ချက်ပေးခဲ့သလို အခြား တစ်ယောက်က ” မက်ဆီဟာ တစ်စုံတစ်ခုကိုရည်ရွယ်ချက်ရှိရှိနဲ့ ဆိုးဆိုးရွားရွား လုပ်ဆောင်တတ်သူ မဟုတ်ပါဘူး။ မက်ဆီဟာ သူ့ရဲ့ဖိနပ်တွေကို ချွတ်လိုက်တယ်၊ တီရှပ်တွေကို ချွတ်လိုက်တယ်၊ ဒီလောက်ပါပဲ ” လို့ တုံ့ပြန် ရေးသားခဲ့ပါတယ်။

တစ်ယောက်ကတော့ ” မက်ဆီ ပရိသတ်ကြီးမဟုတ်ပေမဲ့ ဒီနေရာမှာ ရိုးသားစွာပြောပါရစေ။ အားကစား သမား တစ်ယောက် အနေနဲ့ ကာနယ်လိုထက် မက်ဆီကပိုသာပါတယ်။ တကယ်လို့ တိုက်ပွဲကြာလာတဲ့အခါကျရင် အေရိုးဗစ် လေ့ကျင့်ခန်းက မက်ဆီကိုကူညီပေးသွားပါလိမ့်မယ် ” လို့ ဟာသလုပ် ရေးသားခဲ့ပါတယ်။

နောက် တစ်ယောက်ကတော့ ” ဒါနဲ့ပဲ ကာနယ်လိုက တိုက်ပွဲစချင်တာလား။ တိုက်ခိုက်ရလောက်တဲ့အထိ ဒေါသ ဖြစ်စရာလား။ ကာနယ်လိုကို လွှတ်လိုက်စမ်းပါ။ မက်ဆီက လူဆိုးတစ်ယောက်မဟုတ်ဘူး။ ဒါက မင်းအတွက် အနှောက်အယှက် ဖြစ်နေရင် လျစ်လျူရှုလိုက်ပါ။ အဲဒီလို မကောင်းမြင်မှုတွေ ရဖို့မထိုက်တန်ပါဘူး ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။