ကမ္ဘာ့ဖလားမှာ ခြေစွာနေလို့ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေ မျက်စိကျခံနေရတဲ့ ချယ်ဆီး တိုက်စစ်သမား
အမေရိကန် တိုက်စစ်သမား ခရစ္စတီယန် ပူလီဆစ်ဟာ ကမ္ဘာ့ဖလားပြီးလို့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်ဆီးကနေ ထွက်ခွာမယ်ဆိုရင် အပြီးသတ် ထွက်ခွာသွားဖို့သာ ဖြစ်နိုင်ပါတယ်။ အငှားနဲ့ ထွက်ခွာဖို့ကို ချယ်ဆီးဘက်ကရော ကစားသမား ဘက်ကပါ လက်ခံလိုခြင်း မရှိပါဘူး။
ပူလီဆစ်ရဲ့ ကမ္ဘာ့ဖလား စွမ်းဆောင်ရည်ဟာ ဇန်နဝါရီမှာ ချယ်ဆီးကနေ ပြောင်းရွှေ့ဖို့နဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ် ကလပ်တွေအတွက် သတိပြုမိစရာ ဖြစ်လာခဲ့ပါတယ်။
ပေါင်သန်း ၇၀ နဲ့ ဒေါ့မွန်ကနေ ပြောင်းလာခဲ့တဲ့ ကစားသမားဟာ အခု စတန်းဖို့ဒ်ဘရစ်ချ်မှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၈လထဲ ရောက်နေပြီဖြစ်ပြီး ချယ်ဆီးရော ကစားသမားကပါ စာချုပ်သစ်ချုပ်ဖို့ စိတ်ဝင်စားမှု မရှိနေပါဘူး။
မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ်နှစ်သင်းလုံးက ဩဂုတ်လထဲမှာ ၎င်းအတွက် စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပြီး အာဆင်နယ်ကလည်း အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ သူ့ကို စာချုပ် နောက်ဆုံး ၁၂လ ကျန်တဲ့အထိ ဆက်နေခိုင်းရင် တန်ကြေးလျော့သွားမှာစိုးလို့ ဇန်နဝါရီမှာပဲ ရောင်းချလိုက်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
အမေရိကန်သားဟာ ဝေးလ်၊ အင်္ဂလန်တို့နဲ့ ကမ္ဘာ့ဖလားပွဲတွေက စွမ်းဆောင်ရည်အတွက် ချီးကျူးခံခဲ့ရပြီး အင်္ဂလန်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဖီဖာရဲ့ Man of the Match ဆုကို ရရှိခဲ့တာပါ။
ကလပ်အဆင့်မှာ သူ့ရဲ့ မိနစ် ၉၀ ပျမ်းမျှ ဂိုးနဲ့ဖန်တီးမှု အချက်အလက်တွေဟာ ကိုင်ဟားဗတ်၊ မောင့်၊ စတာလင် တို့ထက် အသာစီး ရထားပေမယ့်လဲ ပူလီဆစ်ဟာ တူချယ်လက်အောက်မှာ ခက်ခဲရုန်းကန်ခဲ့ရပြီး ဂရေဟမ်ပေါ်တာ လက်ထက် ပွဲထွက်ခွင့် ကင်းမဲ့မှုကြောင့် ပိုပြီးစိတ်ပျက်လာရတာ ဖြစ်ပါတယ်။
ချယ်ဆီးနည်းပြဟာ သူ့ကို အကျိုးပြုနိုင်တဲ့ လူစားဝင်ကစားသမားအနေနဲ့သာ ပိုနှစ်သက်တာကြောင့် ပူလီဆစ်ဟာ နောက်နှစ် ဒုတိယရာသီဝက်မတိုင်ခင် အသင်းကနေ ထွက်ခွာသွားနိုင်တဲ့အလားအလာ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အန်တိုနီကို မခေါ်ခင်မှာ ပူလီဆစ်ရဲ့ ပြောင်းရွှေ့ကြေးအပေါ် စုံစမ်း မေးမြန်းမှုတွေ လုပ်ခဲ့ဖူးပါတယ်။ ချယ်ဆီးဟာ ဇန်နဝါရီမှာ သူ့ကို ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ကြိုးစားသွားမယ်လို့ မျှော်လင့်ရပါတယ်။
ရော်နယ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုတိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့ ဦးစားပေး လုပ်ရမှာဖြစ်ပေမယ့် ဆန်ချိုရဲ့ ခြေစွမ်းအပေါ် စိုးရိမ်ရေတာကြောင့် ပူလီဆစ်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
အာဆင်နယ်ဟာလဲ တောင်ပံကစားသမားတစ်ယောက် ရှာဖွေနေပြီး ပူလီဆစ်ဟာ ကွင်းလယ်က နေရာအစုံမှာ ကစားနိုင် တဲ့ စွယ်စုံရစွမ်းရည်တစ်ခု ယူလာပေးနိုင်သူ ဖြစ်ပါတယ်။
လီဗာပူးကလဲ သူ့ကို ဟိုအရင်ကတည်းက သဘောကျတာပါ။ နွေရာသီမှာ ဘယ်လင်ဟမ်ကို ခေါ်ဖို့ကိစ္စ လီဗာပူး အာရုံစိုက်နေရပေမယ့် ပူလီဆစ်ကို ဈေးတော်တော်နဲ့ရရင်တော့ ယူလောက်ပါတယ်။
အမြင့်ပျံသန်းနေတဲ့ နယူးကာဆယ်က အသင်းအင်အားကိုမြှင့်တင်ဖို့ တောင်ပံကစားသမားတွေ ရှာဖွေနေပြီး ပူလီဆစ် ကို ထည့်သွင်း ချိန်ရွယ်နေတာပါ။ အေစီမီလန်နဲ့ ဂျူဗင်တပ်ကလဲ မကြာသေးမီက လတွေအတွင်း ပူလီဆစ်ကို စုံစမ်းမှုတွေ လုပ်ခဲ့ပေမယ့် ဘဏ္ဍာရေး အခြေအနေ မကောင်းတဲ့ အင်တာဆီ ရောက်ဖို့တော့ မဖြစ်နိုင်ပါဘူး။
ပူလီဆစ်ဟာ လက်ရှိမှာတော့ ကမ္ဘာ့ဖလားကို အာရုံစိုက်နေပြီး သူ့ရဲ့ အမေရိကန်အသင်းဟာ အင်္ဂါနေ့ အီရန်နဲ့ပွဲမှာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။