အုပ်စုဗိုလ် အင်္ဂလန်၊ မန်ယူမှာနဲ့ မတူ အစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်၊ စကားပါးခဲ့တဲ့ ပူလီဆစ် နဲ့ ယနေ့ နံနက်ခင်း ဘောလုံးသတင်းများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ဝေးလ်တို့ရဲ့ ကမ္ဘာ့ဖလား အုပ်စုအပိတ်ပွဲစဉ်မှာတော့ အင်္ဂလန် အသင်းဟာ ရက်ရှ်ဖို့ဒ်၊ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ ဂိုးပြတ် အနိုင်ယူပြီး အုပ်စုဗိုလ် အဖြစ် နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပါတယ်။

အမေရိကန် အသင်းကလည်း အီရန်ကို အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အမေရိကန် နည်းပြ ဘာဟယ်လ်တာကတော့ အီရန်အသင်းကို အနိုင်ယူခဲ့ပြီးနောက် အသင်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ချီးကျူး သွားခဲ့ပြီး ယခုတစ်ခေါက် ကမ္ဘာ့ဖလားမှာ အောင်မြင်မှု တစ်ခုရရှိဖို့ ယုံကြည်နေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

အင်္ဂလန် အသင်းအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရက်ရှ်ဖိုဒ်တစ်ယောက် ပထမဂိုးသွင်းပြီး ဒူးထောက် အောင်ပွဲခံခဲ့ရခြင်းဟာ လွန်ခဲ့တဲ့ ၂ ရက်ကမှ ကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူကို ရည်ရွယ်ကြောင်း ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ်ကလည်း ကလပ်အသင်းခြေစွမ်းနဲ့ ဘာမှမဆိုင်ပဲ အထူးခြေစွမ်းပြသခဲ့တဲ့ ရက်ရှ်ဖို့ဒ် ရဲ့ အံ့မခန်း ပြောင်းလဲမှုအပေါ် အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းကတော့ ရလဒ်ပိုင်း ဆိုးဝါးနေပေမယ့် နည်းပြ အယ်လီဂရီကို အသင်းမှာ ဆက်ထားဖို့ ဆုံးဖြစ်ခဲ့ပြီး အသင်းရဲ့ ဘုတ်အဖွဲ့ဝင်အချို့ကိုတော့ ရာထူးမှ ထုတ်ပယ်ဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

မိုရိုကို အသင်းကို အရေးနိမ့်ပြီးနောက် အဝတ်လဲခန်းအတွင်း ဒီဘရိုင်း၊ ဟာဇက်နဲ့ ဗာတွန်ဂန်တို့ ၃ ဦး အချင်းချင်း အချင်းများ တွန်းထိုးမှုတွေ ပြုလုပ်ခဲ့ကြတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ဂိုးသမား ကော်တိုးရစ်က ပြစ်တင်ပြောဆိုမှု သွားခဲ့ပါတယ်။

အီရန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိပြီး ဆေးရုံချက်ချင်းပို့ဆောင်ခဲ့ရတဲ့ အမေရိကန်တိုက်စစ်ကစားသမား ပူလီဆစ် ကတော့ လာမယ့် စနေ ပွဲစဉ်အတွက် အသင့်ဖြစ်နေကြောင်း ပရိသတ်တွေကို သတင်းစကား ပါးသွားခဲ့ပါတယ်။

ဒဏ်ရာကြောင့် ပွဲချိန်ပြည့် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တဲ့ ဘေးလ်ကို လက်ရွေးစင် အသင်းအတွက် ဆက်လက် ရွေးချယ်နေဦးမှာ ဖြစ်ကြောင်း ဝေးလ် နည်းပြက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။