စီ ရော်နယ်ဒို မက်လောက်ဖွယ် လစာနဲ့ မထင်မှတ်တဲ့ ကလပ်အသင်းသစ် ရသွားပြီ သတင်း ထွက်ပေါ်
စပိန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဆော်ဒီအာရေဗျ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီ သွားခဲ့တယ်လို့ သိရှိရပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ထံ တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀၀) (၂)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့မယ် လို့ မာကာ က ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်မှာ ရော်နယ်ဒို ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုပြီး ဘောလုံးပရိသတ်များစွာက စိတ်ဝင်တစား ရှိနေခဲ့ကြချိန် ပရိသတ်တွေ သိပ်မထင်ထားလောက်တဲ့ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ ခုလို သတင်းထွက်လာခဲ့တာပါ။
အယ်လ်နာဆာအသင်းနဲ့ သတင်းတွေကို စပိန်သတင်းစာ Marca ကနေ အရင် တစ်ပတ်လောက်ကတည်းက စတင် ဖော်ပြလာခဲ့တာဖြစ်ပြီး အခုလည်း ရော်နယ်ဒို က ကြော်ငြာတွေ တခြားသော အကျိုးခံစားခွင့်တွေ အပါအဝင် တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀၀)နဲ့ (၂)နှစ်ခွဲစာချုပ်ပါ ချုပ်ဆိုသွားဖို့ သဘောတူသွားခဲ့တယ်လို့ပါ Marca က ဖော်ပြ လာခဲ့ပါတာယ်။

လက်ရှိမှာ ရော်နယ်ဒို က ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲနေတာကြောင့် ကစားသမား ကိုယ်တိုင်ကတော့ အသင်းသစ်ကိစ္စတွေထက် ကမ္ဘာ့ဖလားကိုသာ အာရုံစိုက် ထားနေပါတယ်။
ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက်ပိုင်း ရော်နယ်ဒို ဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အပါအဝင် နယူးကာဆယ် အသင်းတွေနဲ့ပါ သတင်းထွက်ခဲ့ပါသေးတယ်။
Marca ရဲ့ ဖော်ပြချက်အရဆိုရင် အရှေ့အလယ်ပိုင်း ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့က နီးစပ်နေသလို ဖြစ်နေရပေမယ့် ရော်နယ်ဒို ကိုယ်တိုင်ကတော့ ငွေကြေးမက်လုံးတွေထက် အောင်မြင်မှုတွေကို လိုချင်တပ်မက်သူ အမြင့်မားဆုံး level တစ်ခုမှာ အချိန်တိုင်း ယှဉ်ပြိုင်ချင်သူ ဖြစ်တာကြောင့် ဒီသတင်း မှန်မလားက စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။