နည်းပြ ကို အပြစ်တင်တဲ့ ဆာလီဘာ၊ မာတင်နယ်လီကို ချိန်တဲ့ ပီအက်စ်ဂျီ၊ ဂျေးဆု ပြောစကားနဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ်နဲ့ ပြင်သစ် ခံစစ်သမား ဆာလီဘာကတော့ မနေ့ညက တူနီးရှားနဲ့ ပွဲမှာ ပြင်သစ် မထင်မှတ်ဘဲ ရှုံးခဲ့တာက နည်းပြ ဒက်ချမ့် ပွဲထွက် လူစာရင်းကို အပြောင်းအလဲ များစွာ လုပ်ခဲ့တာကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်နဲ့ အင်္ဂလန် ခံစစ်သမား ဘန်ဝှိုက်ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ကာတာကနေ ပြန်သွားကာ လက်ကျန် ကမ္ဘာ့ဖလား ပွဲတွေ ပါဝင် မကစားတော့ဘူးလို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လာမယ့် ၁၈ လ အတွင်း အာဆင်နယ်နဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ဘရာဇီး တိုက်စစ်သမား မာတင်နယ်လီ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ အာဆင်နယ်နဲ့ သက်တမ်းတိုး ဆွေးနွေးတော့မယ့် မာတင်နယ်လီကို ပီအက်စ်ဂျီက ယူရို သန်း ၆ဝ နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။
ဘရာဇီး အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကစားနေတဲ့ အာဆင်နယ် တိုက်စစ်သမား ဂျေးဆု က နိုင်ငံ အသင်းဖော် ယူနိုက်တက် ကွင်းလယ်သမား ကာဆီမီရို အား ဆွစ်ဇာလန်နဲ့ ပွဲအပြီးနောက် ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ သွင်းဂိုးတွေ နည်းပါးနေတဲ့ အပေါ်လည်း စိတ်မပူမိကြောင်း ဂျေးဆုက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဂျာမန်သတင်း ဌာန Bild အဆိုအရ အာဆင်နယ်နဲ့ တော့တင်ဟမ် စပါးအသင်းတို့ဟာ အေဂျက် တိုက်စစ်သမား မိုဟာမက် ကူဒက်စ် ကို ခေါ်ယူရေး ပါဝင် ကြိုးစားလာတယ် လို့ သိရပါတယ်။ ဂါနာသားဟာ တောင်ကိုရီးယား ကို နိုင်တဲ့ ပွဲမှာ ၂ ဂိုး သွင်းခဲ့ပြီးနောက် ဈေးကွက်ထဲ ရေပန်းစားလာပါတယ်။
ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံးပွဲ ဖြစ်တဲ့ ကင်မရွန်းနဲ့ ပွဲမှာ မာတင်နယ်လီ ကို ပွဲထွက်ခွင့် ပေးမယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။