အုပ်စုက ပြုတ်ခဲ့ရတဲ့ ဘယ်လ်ဂျီယံနဲ့ ဂျာမဏီ၊ လူကာကူ ဘက်က ကူပြောတဲ့ ဒရော့ဘာ၊ ရွှေရောင် မျိုးဆက် ပြီးဆုံးခြင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ဘယ်လ်ဂျီယံ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့ပဲ အဝတ်လဲခန်းအတွင်း အခြေအတင် ဖြစ်ခဲ့ကြတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ ဒီဘရိုင်းကို ဆောင်းနက်စ်တစ်ယောက် ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် မီဒီယာတွေကလည်း ဒီကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ရွှေခေတ်ဟာ လျှင်လျှင်မြန်မြန်နဲ့ပဲ အဆုံးသတ်သွားပြီ ဆိုပြီး ဘယ်လ်ဂျီယံရဲ့ ရှုံးနိမ့်မှုအပေါ် လှောင်ပြောင်ပြောဆိုရေးသားနေကြပါတယ်။
အဆိုပါ ပွဲအတွင်း အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့တဲ့ လူကာကူတစ်ယောက် ပွဲအပြီး အလွန်ပေါက်ကွဲကာ အရံခုံ မှန်ချပ်ကို ထိုးခွဲပစ်ခဲ့ပြီး မျက်ရည်တွေနဲ့ ဥမင်လှိုင်ခေါင်းထဲ ဝင်ရောက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

ခြေကျင်းဝတ်ဒဏ်ရာ ရရှိထားတဲ့ ဘရာဇီး တိုက်စစ်မှုး နေမာရဲ့ အနေအထားဟာ သက်သာခြင်း မရှိသေးတာကြောင့် လာမယ့် ရှုံးထွက် ပွဲစဉ်ကိုပါ ထပ်မံလွဲချော်ရနိုင်ခြေ ရှိနေကြောင်း သတင်းရရှိပါတယ်။
ယခုခေါက် ကိုရီးယားနဲ့ ကစားမယ့် အုပ်စုအပိတ်ပွဲစဉ်မှာ ရော်နယ်ဒိုတစ်ယောက် အနည်းငယ် နေမကောင်း ဖြစ်နေတာကြောင့် ပါဝင်ကစားဖွယ် မရှိကြောင်း သတင်းရရှိပါတယ်။
ချယ်ဆီး တိုက်စစ်မှုးဟောင်းကြီး ဒရော့ဘာ ကတော့ သူအသင်းဖော်ဟောင်း တိုက်စစ်မှုး လူကာကူ တစ်ယောက်တည်း အပေါ်ပဲ ဘယ်လ်ဂျီယံ အသင်း ရလဒ်ဆိုး အတွက် အပြစ်တင်နေလို့ မရကြောင်း ကာကွယ်သွားပါတယ်။
အုပ်စုအဆင့်မှာတင် ကျန်ရစ်ခဲ့ရတဲ့ ဂျာမဏီအသင်းရဲ့ တိုက်စစ်ကစားသမား မူလာကတော့ ယခုတစ်ခေါက် ကမ္ဘာ့ဖလား အပြီး လက်ရွေးစင် အသင်းမှ အနားယူဖို့ စဉ်းစားနေကြောင်း အရိပ်အမြတ်ပြောဆိုသွားခဲ့ပါတယ်။
စပိန်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဂျပန်ရဲ့ အနိုင်ဂိုးနဲ့ ပတ်သက်ပြီး စပိန် ပရိသတ်တွေကတော့ VAR ကို ပြင်းပြင်း ထန်ထန် ဝေဖန်နေကြကာ မေးခွန်းထုတ်မှုတွေ ပြုလုပ်နေကြပါတယ်။ နဗီးလ်၊ ဆောင်းနက် တို့ကလည်း ထို VAR ပုံရိပ်၊ ဗီဒီယို ကို ထုတ်ဖော် ပြသပေးဖို့ တောင်းဆိုနေပါတယ်။