ဂျာမနီ အုပ်စုပြုတ်ခဲ့ရပေမယ့် စပိန်တစ်သင်းလုံးရဲ့ ကျေးဇူးရှင် ဖြစ်သွားတဲ့ ဂျာမန်တိုက်စစ်မှုး ကိုင် ဟာဗက်ဇ်
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု(E)က မထင်မှတ်တဲ့အပြောင်းအလဲတွေ အဖြစ်ဆုံး အုပ်စုလို့ သတ်မှတ်ရမှာဖြစ်ပြီး အုပ်စုက တက်ဖို့ ရေပန်းစားတဲ့ ဂျာမနီ၊ စပိန် နှစ်သင်းမှာ စပိန် တစ်သင်းပဲ ရှုံးထွက် (၁၆)သင်း အဆင့် တက်ခွင့်ရခဲ့ပါတယ်။
အုပ်စုနောက်ဆုံးပွဲမှာ စပိန်အသင်းဟာ ဂျပန်ကို ဘယ်လိုမှ မထင်မှတ်လောက်အောင် (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဂျာမနီနဲ့ (၄)မှတ်စီ တူညီပေမယ့် ဂိုးကွာခြားချက်အရ နောက်တစ်ဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။
အုပ်စု (E) နောက်ဆုံးပွဲမှာ မမျှော်လင့်တဲ့အပြောင်းအလဲတွေဖြစ်ခဲ့ပြီး ဂျာမနီနဲ့ စပိန် နှစ်သင်းစလုံး အုပ်စုက ထွက်ရမယ့် အနေအထား ဖြစ်ခဲ့ပါတယ်။

စပိန်အသင်းက ဂျပန်ကို (၂-၁)ဂိုးနဲ့ ရှုံးနေချိန်မှာ တစ်ဖက်ကလည်း ကော်စတာရီကာအသင်းဟာ ဂျာမနီကို ချေပဂိုး၊ ဦးဆောင်ဂိုးတွေ ပြန်သွင်းပြီး (၂-၁)ဂိုးနဲ့ အနိုင်ရနေတာကြောင့် အဲဒီရလဒ်အတိုင်းသာ ပွဲပြီးမယ် ဆိုရင် ဂျပန်နဲ့ ကော်စတာရီကာ တို့ အုပ်စုက တက်မှာပါ။
စပိန်အသင်းကို အရှက်တကွဲမဖြစ်အောင် ကယ်တင်ပေးခဲ့တာက မိုရာတာ၊ ဂါဗီ၊ ပတ်ဒရီတို့လို စပိန် နာမည်ကျော် ကစားသမား တွေ မဟုတ်ဘဲ ဂျာမနီ တိုက်စစ်ကစားသမား ကိုင် ဟာဗတ်ဇ်ပ ြစ်ပါတယ်။
ကော်စတာရီကာနဲ့ပွဲ၊ ဒုတိယပိုင်း (၆၇)မိနစ်မှ မူလာနေရာမှာ လူစားဝင်လာတဲ့ ဟာဗတ်ဇ်ဟာ ကွင်းထဲရောက်ပြီး (၆)မိနစ် အကြာမှာပဲ ချေပဂိုး သွင်းယူခဲ့သလို၊ (၈၅)မိနစ်မှာ တတိယဂိုး သွင်းယူခဲ့ပါတယ်။
ဂျာမနီအသင်းအတွက် စတုတ္ထဂိုးကို တိုက်စစ်မှုး ဖူလ်ခရက်ဂ်က သွင်းယူခဲ့ပြီး ကော်စတာရီကာကို (၄-၂)ဂိုးနဲ့ အနိုင်ယူခဲ့လို့သာ စပိန်တို့ အသက်ရှူချောင်သွားတာပါ။
ကော်စတာရီကာနဲ့ ပွဲရလဒ်ကို အဓိကအလှည့်အပြောင်းဖြစ်စေတာက ဟာဗတ်ဇ်ကြောင့်ဖြစ်တဲ့အတွက် ဟာသ ပြောရမယ်ဆိုရင် ပွဲအပြီးမှာ စပိန်တစ်သင်းလုံး ဟာဗတ်ဇ်ကို သွား ကျေးဇူးတင် ဂါရဝ ပြုသင့်နေပါတယ်။