မက်ဆီ လည်း လူ ပဲ၊ ထူးပြီး ကြောက်စရာ ဂုဏ်ယူနေစရာ မရှိဘူး ဆိုတဲ့ ဩစတြေးလျ အသင်းသားများ
ဩစတြေးလျ ကစားသမားတွဟာ ကမ္ဘာ့ဖလား ရှုံးထွက် ၁၆သင်း အဆင့်မှာ အာဂျင်တီးနားနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အာဂျင်တီးနား ကြယ်ပွင့် မက်ဆီ အပေါ် သူတို့ရဲ့ လေးစားမှုကို မကွယ်ဝှက်ထားနိုင်ပေမယ့် တောင်အမေရိက အသင်းကို အနိုင်ယူဖို့ လိုအပ်တဲ့အရည်အသွေး သူတို့မှာ ရှိတယ်လို့ ဩစတြေးလျ က ယုံကြည်နေပါတယ်။
မက်ဆီဟာ ပိုလန်နဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပြီး သွင်းဂိုး ပါဝင်ပတ်သက်မှုမရှိခဲ့ပေမယ့် ကမ္ဘာ့ဖလား တစ်ပွဲ အတွင်း အခွင့်အရေး ဖန်တီးမှု ၅ကြိမ်နဲ့အထက်၊ လိမ်ခေါက်ဖြတ်ကျော်မှု ၅ကြိမ်နဲ့အထက် လုပ်နိုင်တဲ့ အသက် အကြီးဆုံး ကစားသမားဆိုတဲ့ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် မက်ဆီကို အမြဲသဘောကျခဲ့ပါတယ်။ သူက ထာဝရ အကောင်းဆုံးလို့လဲ ထင်ပါတယ်။ ဒါပေမယ့် သူနဲ့ ရင်ဆိုင်ကစားရတာက သိပ်ပြီး ဂုဏ်ယူစရာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူလဲ ကျွန်တော်တို့အားလုံးလိုပဲ လူသားတစ်ယောက်ပါ။

ကမ္ဘာ့ဖလား ၁၆သင်းအဆင့်ကို တက်နိုင်တာ ဂုဏ်ယူစရာတစ်ခုပါ။ အာဂျင်တီးနားနဲ့ဖြစ်ဖြစ် ပိုလန်နဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် ကမ္ဘာ့ဖလား၁၆သင်းအဆင့်မှာ ဩစတြေးလျကို ကိုယ်စားပြု ကစားရတာနဲ့တင် ဂုဏ်ယူစရာ ဖြစ်နေမှာပါ”လို့ ဩစတြေးလျ နောက်ခံလူ မီလော့စ် ဒီဂျီနက်က ဆိုပါတယ်။
အာဂျင်တီးနားနဲ့ပွဲကျရင် ဩစတြေးလျရဲ့ ကမ္ဘာ့ဖလား ပွဲအများဆုံး ကစားသမားဖြစ်လာတော့မယ့် မတ်လက်ကီကလဲ
“ဒါက မိနစ် ၉ ဝပွဲပါ။ မိနစ် ၁၂၀လဲ ဖြစ်နိုင်ပါတယ်။ ဒါကရှုံးထွက်ပွဲ။ ဘယ်သူကမှ ကျွန်တော်တို့ကို ဒီနေရာရောက်ဖို့ မမျှော်လင့်ထားတာကြောင့် ကျွန်တော်တို့အတွက် ဘာဖိအားမှ မရှိပါဘူး။
ဒီပြိုင်ပွဲမတိုင်ခင်ထဲက အသင်းဖော်တွေကို ကျွန်တော်ပြောခဲ့ပါတယ်။ မင်းတို့ ကစားသမားဘဝတလျှောက်လုံး လုပ်ခဲ့တ တိုင်းလုပ်ပြီး ကိုယ့်ကိုယ်ကို ဖော်ပြနိုင်ရင် မင်းတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ရမှာပဲလို့ ကျွန်တော် ယုံကြည်တယ်။
ကျွန်တော်တို့မှာ ဘာဖိအားမှ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီအခိုက်အတန့်ကို ပျော်ရွှင်ခံစားဖို့ပဲ လိုတယ်။ ဘယ်သူ ကမှ ကျွန်တော်တို့ကို အနိုင်ရဖို့ မမျှော်လင့်ထားဘူး။ ဒါကြောင့် ကမ္ဘာကြီးကို အံ့ဩသွားအောင် လုပ်ကြစို့။
ဒါက ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်မှာပဲ။ ထာဝရအကောင်းဆုံး ကစားသမားတစ်ယောက်ကို ရင်ဆိုင်ရမှာလေ။ ဒါပေမယ့် ၁၁ ယောက်ချင်းပဲ ကစားရမှာပါ။ ၁၁ယောက် vs မက်ဆီ ပွဲမျိုး မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ ပါတယ်။