အသင်း လက်မဲ့ ဖြစ်နေသေးတဲ့ နည်းပြ တူချယ် အတွက် အခွင့်အလမ်းကောင်း တစ်ခု ထွက်ပေါ်လာပါပြီ
ချယ်ဆီးနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ ဂျာမန်သား ထိပ်တန်း နည်းပြ သောမတ်စ် တူချယ် အတွက် အခွင့်အလမ်းကောင်း တစ်ခု ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
ဂျာမနီ ဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့် ကနေ လှည့်ပြန်ခဲ့ရပြီးနောက် အသင်းနည်းပြ ဟန်ဆီ ဖလစ်ရဲ့ အနာဂတ်ကို မကြာခင်မှာပဲ ဆုံးဖြတ်ဖို့ ရှိနေသလို အသင်းလက်မဲ့ ဖြစ်နေတဲ့ သောမတ်စ် တူချယ်ကို နည်းပြသစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း ဂျာမန် Bild သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
ဂျာမနီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်း ဖြစ်ခဲ့ပေမယ့် စပိန်၊ ဂျပန် ၊ ကော်စတာရီကာတို့နဲ့ အုပ်စုတူ ကျရောက်ခဲ့ရာမှာ ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး ရလဒ်ကို ရခဲ့ပြီး အုပ်စု တတိယနေရာနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီးနောက် ဂျာမနီ ဘောလုံးအဖွဲ့ချုပ်က အသင်းနည်းပြ ဟန်ဆီ ဖလစ်ကို ရာထူးကနေ ထုတ်ပယ်မလား၊ ဆက်ခန့်ထားမလား ဆိုတာကို ဆုံးဖြတ်ဖို့ ရှိနေပြီး ဟန်ဆီ ဖလစ်ကတော့ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘယ်လို ဆုံးဖြတ်ချက်ကိုမဆို လိုက်နာရန် အသင့် ရှိကြောင်း ထုတ်ပြောထားပါတယ်။
တဖက်မှာတော့ အသက် ၄၉နှစ် အရွယ် ဂျာမနီ လူမျိုး နာမည်ကြီးနည်းပြ တူချယ် က ယခုနှစ် ဘောလုံးရာသီ အစမှာ ချယ်ဆီးနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတဦးပါ။ တူချယ်က ချယ်ဆီးနဲ့အတူ ချန်ပီယံလိဂ်၊ ကမ္ဘာ့ကလပ်ဖလား၊ ဥရောပ စူပါဖလားတို့လို အရေးကြီး ဆုဖလားတွေကို ရယူထားနိုင်ပါတယ်။
ဒါကြောင့်ပဲ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တချို့က ဟန်ဆီ ဖလစ်ကို နည်းပြရာထူး ကနေ ထုတ်ပယ်ကာ တူချယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး တူချယ် ကလည်း ဂျာမနီ နည်းပြချုပ် ရာထူးအတွက် စဉ်းစားနေကြောင်း သတင်းထွက်လာပါတယ်။
ဒါပေမယ့် ဂျာမနီ ဘောလုံးအဖွဲ့ချုပ်မှာ အရေးပါတဲ့ ရာထူးတခုကို ရယူထားတဲ့ ဝက်စ်ကီနဲ့ တူချယ် တို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး အရ အဆင်မပြေမှုတွေ ရှိနေတာကြောင့် ဝက်စ်ကီနဲ့ တူချယ် တို့ထဲက တဦးကသာ ဂျာမနီ အသင်းမှာ ရှိနေနိုင်ကြောင်းလည်း Bild သတင်းဌာနက ထပ်ဆင့် ဖော်ပြထားပါတယ်။