ဘရာဇီးပွဲကျန်တွေ လွဲတဲ့ ဂျေးဆု၊ ဆာလီဘာရဲ့ ဟာသစကား၊ ပိုကောင်းနိုင်သေးတယ် ဆိုတဲ့ တိုမီယာဆု နဲ့ ယနေ့ည အာဆင်နယ် သတင်းများ

စပိန်ကို အနိုင်ခဲ့ပြီး ၁၆သင်းအဆင့် တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ဂျပန်လက်ရွေးစင် ဂန်းနား တိုမီယာဆု က သူ့ရဲ့ စွမ်းဆောင်ရည် က အခုထက် ပိုကောင်းလာနိုင်ပါသေးတယ် လို့ ပြောဆိုခဲ့ပါတယ်။

ပြင်သစ် နောက်ခံလူ ဆာလီဘာ ကတော့ အာဆင်နယ် အသင်းဖော်၊ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှုး ဂျေးဆုနဲ့ ပတ်သတ်ပြီး အခုလို အရွှန်းဖောက် မှတ်ချက်ပြုခဲ့ပါတယ်။

” ဂျေးဆု က ထိပ်တန်း ကစားသမား တစ်ဦးပါ ၊ ဒီနှစ်မှာ အာဆင်နယ် အသင်းအတွက်လည်း ကောင်းကောင်း ကစားထားနိုင်ပါတယ် ၊ သူ ခြေစွမ်းကောင်းတွေ ပြသ နိုင်မယ်လို့ မျှော်လင့်ပါတယ် ၊ ဘရာဇီး အသင်း ပြိုင်ပွဲကနေ ခပ်မြန်မြန် ထွက်ခွာသွားဖို့လည်း မျှော်လင့် ထားပါတယ် ။ ” လို့ ဟာသထည့် ပြောကြား သွားခဲ့ပါတယ်။

ဒါပေမယ့် ဂျေးဆု ကလည်း ဟာ ဒူးဒဏ်ရာကြောင့် ဘရာဇီးအသင်းရဲ့ လက်ကျန် ကမ္ဘာ့ဖလား ပွဲစဉ်တွေ အားလုံး လွဲချော်ပြီ လို့ ဒီနေ့ ညနေမှာပဲ သတင်း ထွက်ပေါ်လာပါတယ်။

ဂျေးဆု နဲ့ မာတင်နယ်လီ တို့ရဲ့ ဘရာဇီး အသင်းဟာ ဒီနေ့ မနက်မှာ ကင်မရွန်း အသင်းကို ရှုံးနိမ့် သွားခဲ့ပေမယ့် အုပ်စု ပထမနဲ့ နောက်တဆင့် ကို တက်လှမ်း သွားနိုင်ခဲ့ပါတယ် ။ ဘရာဇီး အသင်းဟာ ၁၆ သင်း ရှုံးထွက် အဆင့်မှာ တောင်ကိုးရီးယား အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဘရာဇီး နဲ့ ပြင်သစ် အသင်းဟာ ၁၆ သင်း အဆင့် ၊ ကွာတားဖိုင်နယ် အဆင့် နဲ့ ဆီမီးဖိုင်နယ် အဆင့်တွေကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် ဗိုလ်လုပွဲ မှာ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ် ။