မာရာဒိုနာ ရဲ့ စံချိန်ကို ကျော်ပြီး ဒိုလေး ထက်လည်း သာသွားတဲ့ လီယွန်နယ် မက်ဆီရဲ့ ပွဲ ၁ဝဝဝ ပြည့် အောင်ပွဲ

မနေ့ညက ဩစတေးလျ နဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ က စံချိန်သစ်တွေ ရရှိနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမား ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့လို့ သူ့အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှာ မန်စီးတီးရဲ့ ဟူလီယန် အယ်လ်ဗာရက်ဇ်နဲ့ အတွဲညီခဲ့တဲ့ မက်ဆီအနေနဲ့ ဒီနေ့မှာတော့ တွဲကစားနေကျ အသင်းဖော် အန်ဟဲလ် ဒီမာရီယာ မပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပြီး သူ့အစား ဝင်ကစားတဲ့ အာလေဟန်ဒရို ဂိုမက်ဇ်နဲ့ တွဲဖက်လို့ မရနိုင်တာကြောင့် ပွဲစအပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် လှပတဲ့ သွင်းဂိုးကိုတော့ ရယူပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘယ်ခြေကန်ချက်ဟာ သူ့ရဲ့ အဓိက ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ရရှိထားတဲ့ ဂိုးစုစုပေါင်းမှာ တစ်ဂိုး သာလွန်သွားစေခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသား ရော်နယ်ဒို အတွက်တော့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမယ့် ရှုံးထွက်ပွဲစဉ်မှာ ခြေစွမ်း ပြနိုင်ဖို့ ဖိအားတွေပါ ရောက်ရှိလာနိုင်တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ သူ့ရဲ့ မှတ်တမ်းဆိုးဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကို ကျော်တာနဲ့ ဂိုးမသွင်းနိုင်တော့တဲ့ အချက် ကိုလည်း ဒီနေ့မှာ ဩစတေးလျဘက်ကို ဂိုးသွင်းယူပြီး ရှုံးထွက်အဆင့် ပထမဆုံး သွင်းဂိုးကို ရရှိသွားခဲ့သလို ပြိုင်ပွဲ ၅ ကြိမ်မှာ သွင်းဂိုး ၉ ဂိုးအထိ ရှိလာခဲ့တာပါ။

အာဂျင်တီးနား အတွက် ပွဲပေါင်း ၁၆၄ ပွဲ ကစား ၉၄ ဂိုး သွင်းယူထားတဲ့ မက်ဆီဟာ ဒီနေ့မှာ သူ့ရဲ့ ကစားသမားဘဝ ပွဲ ၁၀၀၀ မြောက်ကိုလည်း ကစားခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ ဂိုးတစ်ဂိုးနဲ့ အမှတ်အသား လုပ်နိုင်ခဲ့သလို နိုင်ငံရဲ့ နာမည်ကျော် သူရဲကောင်း ဒီယေဂို မာရာဒိုနာရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန် ကိုလည်း ဖြတ်ကျော်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့ဖလားမှာ သွင်းဂိုး ၃ ဂိုးနဲ့ အကောင်းဆုံး ကစားသမားဆု ၂ ကြိမ် ရရှိထားခဲ့တဲ့ မက်ဆီအနေနဲ့ သူတို့ရဲ့ အာဂျင်တီးနားအသင်းကို ဗိုလ်စွဲတဲ့အထိ ထမ်းတင်ပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေနဲ့ ပရိသတ် အတော် များများကလည်း ချီးကျူးမျှော်လင့်နေကြပါတယ်။

အာဂျင်တီးနားတို့အနေနဲ့ လာမယ့် ကွာတားဖိုင်နယ်အဆင့်မှာတော့ ရှုံးထွက်အဆင့်ကို တစ်နေ့တည်း ကစားခဲ့တဲ့ နယ်သာလန် အသင်းနဲ့ တွေ့ဆုံနေပြီး ခြေရည်ချင်း သိပ်မကွာတဲ့ အသင်းကြီးတစ်သင်းနဲ့ ပထမဆုံး ရင်ဆိုင်ရမယ့် ပွဲပါ။

ထိုပွဲမှာလည်း မက်ဆီအနေနဲ့ သူ့လူတွေကို ဦးဆောင်ပြီး ဖြတ်ကျော်သွားနိုင်လိမ့်ဦးမယ်လို့လည်း ယုံကြည်နေကြကြောင်း သိရှိရပါတယ်။