ရီးရဲလ်မက်ဒရစ်ကို ယှဉ်ရအောင် မန်ယူက အဆင့်အတန်းချင်း တူလို့လားလို့ ဖဲ့လိုက်တဲ့ ဗန်ဒိုက်
လီဗာပူးလ် ဗဟိုခံစစ် ဗာဂျယ် ဗန်ဒိုက်က နယ်သာလန် နိုင်ငံ အသင်းဖော် လက်ရွေးစင်တိုက်စစ်မှူး ကိုဒီ ဂတ်ပို ကို ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူတို့ စိတ်ဝင်စားနေကြရာမှာ ဒီနှစ်သင်းကို ဂတ်ပို ယှဉ်စဉ်းစားစရာ လိုလို့လားလို့ ပြောဆိုရင်း မန်ချက်စတာ ကလပ်အား ဖဲ့လိုက်ပါတယ်။
ဂတ်ပိုကို ဥရောပက အသင်းကြီးတွေ အတော်များများက စိတ်ဝင်စားနေကြပြီး၊ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်အသင်းဟာ ခေါ်ယူဖို့ နီးစပ်ခဲ့တာပါ။
ခုချိန်မှာတော့ နယ်သာလန် တိုက်စစ်ကစားသမားရဲ့ တန်ကြေးပမာဏဟာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း အတော်လေးကို မြင့်တက်သွားခဲ့ပြီး၊ နိုင်ငံအသင်းဖော် ဗန်ဒိုက်က ရီးရဲလ်နဲ့ပါ သတင်းထွက်လာတဲ့ ဂတ်ပိုကို မန်ယူ က ခေါ်ယူဖို့ မလွယ်တော့ဘူး လို့ ပြောဆိုလိုက်ပါတယ်။

“ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က အဆင့်အတန်းချင်း တူလို့လားဗျ။ မလေးစားပြောတာတော့။ မဟုတ်ပါဘူး၊ လုံးဝကို တန်း မတူပါဘူး ”
“ သူ့ဆီမှာ နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ထင်တယ်။ အဲ့ဒါက ဖြစ်လာနိုင်တယ်လို့ သေချာပေါက် ထင်နေတယ်၊ အဲ့ဒါက ဆောင်းရာသီမှာဖြစ်မလား၊ နောက်နှစ်နွေမှာဖြစ်မလားတော့ အချိန်က ပြောပါလိမ့်မယ်။
သူက အလုပ်ကြိုးစားပြီး၊ အရည်အချင်းအရမ်းရှိတဲ့ ကောင်လေးတစ်ဦးပါ။ သူ့ဆီမှာ နောက်ထပ်ကောင်းတဲ့အရာတွေ သေချာပေါက်ရှိအုန်းမာပါ။ ကျွန်တော်တို့အတွက် သူ ခြေစွမ်းပြနေတဲ့အပေါ် ကျေနပ်ပါတယ်၊ အဲ့ဒါက ကြာရှည်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဂတ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေပြီး၊ လေးပွဲကစားပြီးရာမှာ သုံးဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အမေရိကန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂတ်ပိုအနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်၊ ကောင်းမွန်တဲ့ ခြေစွမ်းတစ်ခုကို ပြသခဲ့ပြီး၊ အသင်းကို ကွာတားဖိုင်နယ်အဆင့်ဆီကို တက်လှမ်းစေခဲ့ပါတယ်။