မန်ယူရဲ့ ပေါင် သန်း ၁၀၀ ကျော်ကို ဆိုးရှား ဖြုန်းတီနေမှုအား သတိပေးလိုက်တဲ့ နဗီး

ယူနိုက်တက်က စပါးကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒို၊ ကာဗာနီ၊ ရက်ဖိုဒ့်တို့က သွင်းဂိုး ကိုယ်စီရခဲ့ကြကာ ဖိအားတွေများနေတဲ့ ဆိုးရှားကို ကယ်တင်မှုတွေ လုပ်နိုင်ခဲ့ကြပါတယ်။

သရဲနီ ကစားသမားဟောင်း ဂယ်ရီနဗီးကတော့ ယူနိုက်တက်က လက်တလော ဖိအားတွေကနေ ကင်းလွတ်ခဲ့တယ်ဆိုပေမယ့်လို့ ပြဿနာသစ်တွေ ဆီးကြိုနေဆဲဖြစ်ကြောင်း ပြောပြလာခဲ့တယ်။ အဓိက ပြဿနာကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ကျော် အကုန်အကျခံ ခေါ်ယူထားတဲ့ ဗန်ဒါဘိခ်နဲ့ ဆန်ချိုတို့ ယူနိုက်တက်မှာ အနာဂတ် ကင်းမဲ့နေခြင်းပဲ ဖြစ်တယ်လို့ နဗီးက ထောက်ပြပါတယ်။

ဂယ်ရီနဗီးက ‘ ဗန်ဒါဘိခ်အကြောင်းပဲ တွေးနေလို့ မရတော့ဘူး။ ပေါင် သန်း ၄၀ တန် ကစားသမားကို ခေါ်ယူပြီး ၁၈ လလောက်ထိ ဘောလုံး ကစားခွင့် မပေးဘဲ ပွဲကြည့်စင်မှာ ထိုင်နေစေဖို့အတွက် ယူနိုက်တက်ကို ဘယ်သူက စပွန်ဆာ ပေးခဲ့တာလဲ?

ဆန်ချိုကလည်း ဂရုမစိုက်ဘူးဆိုရင် ဗန်ဒါဘိခ်နဲ့ တူညီတဲ့ လမ်းစဉ်နဲ့ပဲ အဆုံးသတ်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေမှာ သူက ထိတ်လန့်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကစားခဲ့တယ်။ သူ့ကို ပြောတာ မဟုတ်ပါဘူး အသင်းလိုက် စွမ်းဆောင်ရည်ကို ပြောတာပါ။

သူဟာ လုံးဝကို ကစားဟန် ကွဲလွဲနေတဲ့ အသင်းတစ်သင်းကို ရောက်လာပြီး ပူးပေါင်းခဲ့တာပါ။ သူက ကစားပုံ ပိုကောင်းပြီး ပိုပြီး စည်းလုံးမှုရှိတဲ့ အသင်းမှာ ကစားခဲ့သူဖြစ်တယ်။ သူ ယူနိုက်တက်ကို ရောက်လာပြီးနောက်မှာ ဘာလို့များ ဒီအသင်းကို ရောက်လာရတာလဲ? ဒီအသင်းက ဘာကြီးလဲ? လို့ မေးခွန်းထုတ်နေလောက်ပါတယ်။

ယူနိုက်တက်က စုဖွဲ့မှု မကောင်းသလို၊ တည်ဆောက်ပုံလည်း မရှိပါဘူး။ ခံစစ်ပိုင်း ကာကွယ်နိုင်မှုတွေကလည်း ဆိုးရွားပါတယ်။ ယူနိုက်တက် တိုက်စစ်သမားတွေထဲမှာ သူတစ်ဦးကပဲ ခံစစ်ပိုင်း ပြေးလွှားမှုတွေ လုပ်ပေးနိုင်တာပါ။ သူက ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့်လို့ အရန်ခုံမှာပဲ ထိုင်နေရတဲ့နောက် ဘာလုပ်နေရတာလဲ? စတွေးနေလောက်ပါပြီ။ ဘယ်လို စနစ်မှာ ကစားရမလဲ? ဆိုတာကိုလည်း တွေးနေလောက်ပါတယ်။ သူက ကွင်းလယ်မှာလည်း မကစားနိုင်သလို၊ တိုက်စစ်ပိုင်း နှစ်နေရာမှာလည်း မကစားနိုင်ပါဘူး။ ဒီတော့ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝက ဘယ်နေရာမှာ ကစားရမလဲ? တွေးနေလောက်ပါပြီ။

ဗန်ဒါဘိခ်ကလည်း တူညီစွာပဲ တွေးနေလောက်ပါတယ်။ ဒီကနေ့မှာ ယူနိုက်တက်က အနိုင်ရခဲ့တယ်ဆိုပေမယ့်လို့ နေရာတိုင်းမှာ ပြဿနာတွေ ရှိနေတာပါ ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။