မာကျောတဲ့ အာဖရိကန် ချန်ပီယံ ဆီနီဂေါအသင်းကို ဂိုးပြတ် အနိုင်ယူပြီး ထိုက်ထိုက်တန်တန် ကွာတား တက်သွားတဲ့ အင်္ဂလန်
ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းက ဆီနီဂေါ အသင်းကို ဟန်ဒါဆန်၊ ဟယ်ရီကိန်း ၊ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပွဲအစပိုင်းမှာ အာဖရိက ချန်ပီယံတွေ ဖြစ်တဲ့ ဆီနီဂေါအသင်းရဲ့ မာမာထန်ထန် ကစားပုံကြောင့် အင်္ဂလန် အသင်း အခက်တွေ့ခဲ့ရပြီး ဆီနီဂေါအသင်းရဲ့ တိုက်စစ်ဆင်မှုတွေကိုပါ ခံခဲ့ရပါတယ်။
ဒါပေမယ့် ပွဲချိန် ၃၈ မိနစ်မှာတော့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဂမ်ရဲ့ ဆီနှီဂေါ နောက်ခံလူ လေးယောက်လောက် တားထားတဲ့ ကြားက အကွက်မြင်မြင်ချပေးမှုကနေ တစ်ဆင့် ဟန်ဒါဆန်က အဖွင့်ဂိုးသွင်းယူပေးခဲ့တာပါ။
ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ဆီနီဂေါအနေနဲ့ တုန့်ပြန်ဖို့အတွက် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဒီကစားမှုကနေပဲ ပထမပိုင်း ပြီးခါနီးမှာ ကောင်တာပေါက်သွားခဲ့ကာ ဟယ်ရီကိန်းက အင်္ဂလန်အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ကာ ပထမပိုင်းအပြီး ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ဆီနီဂေါအနေနဲ့ လူစားလဲမှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့် တကယ်တမ်းဂိုးထပ်ရတာက အင်္ဂလန်အသင်းဖြစ်ပြီး ဖိုဒန်ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဆာကာက တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ကာ လက်ကျန်ပွဲချိန်တွေမှာတော့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ၃-၀ နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ အုပ်စုမှာတုန်းက ယူအက်စ်အေ နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာ ဖိုဒန်ကို မသုံးခဲ့လို့ ဝေဖန်မှုခံခဲ့ရကာ ဒီနေ့ပွဲမှာတော့ ဆောက်ဂိတ်အနေနဲ့ ဖိုဒန်ကို ပွဲထွက်လူစာရင်းမှာအသုံးပြုခဲ့တာဖြစ်ပါတယ်။
ဖိုဒန် ကလည်း အခွင့်အရေး ရတာနဲ့ ဆီနီဂေါနဲ့ ပွဲမှာ တောင်ပံကနေ လှပသေသပ်တဲ့ ပေးပို့မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး အင်္ဂလန်အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာပါ။
အင်္ဂလန်အနေနဲ့ ဒီနိုင်ပွဲကြောင့် လာမယ့် ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်ပြီး လူမစုံပေမယ့် ခြေစွမ်းကောင်းမွန်တဲ့ ပြင်သစ်နဲ့ ပွဲက အင်္ဂလန်အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လာမှာလည်း ဖြစ်ပါတယ်။