ပြင်သစ်နဲ့ တွေ့တိုင်း မယုံနိုင်စရာ မှတ်တမ်းကြီး ပိုင်ဆိုင်ထားတဲ့ ခြင်္သေ့ ၃ ကောင် အင်္ဂလန်အသင်း

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ နာမည်ကြီး အင်္ဂလန်အသင်းဟာ ကွာတား ဖိုင်နယ်ပွဲအဖြစ် လာမယ့် စနေနေ့ကျရင် လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဆီနီဂေါကို ၃-ဝ နဲ့ ဂိုးပြတ်အနိုင်ရခဲ့သလို တဖက်မှာ ပြင်သစ် အသင်းကလည်း ပိုလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့ကြပါတယ်။

ပြင်သစ်အသင်းမှာ နာမည်ကျော် တိုက်စစ်မှူး ဘန်ဇီမာ မပါဝင်နိုင်ပေမယ့် ဝါရင့်တိုက်စစ်မှူး ဂျီရူးနဲ့ လူငယ် တိုက်စစ်ကစားသမား အမ်ဘာပေတို့ ခြေစွမ်းပြနေပြီး မနေ့ညက ပွဲမှာလည်း ဂိုးတွေ သွင်းယူခဲ့ပါတယ်။

ဒီကမ္ဘာ့ဖလားမှာ ပြင်သစ် အတွက် တိုက်စစ်မှုး ဂျီရူးက (၃)ဂိုး၊ ဘာပေက (၅)ဂိုး အထိသွင်းယူခဲ့တာကြောင့် ပြင်သစ် အသင်းရဲ့ ဂိုးတွေထဲက (၃)ပုံ (၂)ပုံကို ဒီကစားသမားနှစ်ဦး သွင်းခဲ့ကြတာဖြစ်ပါတယ်။

ပိုလန်ကို အနိုင်ရတဲ့ပွဲမှာ ဂျီရူးဟာ လက်ရွေးစင်ကစားသမားဘ၀ (၅၂)ဂိုးမြောက်သွင်းယူခဲ့ပြီး ပြင်သစ်အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဘာပေကလည်း ပိုလန်ဘက်ကို (၂)ဂိုး သွင်းယူ ခဲ့တာကြောင့် သူ့ရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်က (၉)ဂိုးအထိ ရှိလာပါပြီ။

ဒီလို ပုံစံကောင်းတွေပြသနေတဲ့ ဘာပေနဲ့ ဂျီရူးတို့အပြင် ပြင်သစ်ကွင်းလယ်နဲ့ ခံစစ်ကလည်း အကောင်းဆုံး ကစားနိုင်တဲ့ အတွက် အင်္ဂလန်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ရှိပါတယ်။

ဒါပေမဲ့လည်း အင်္ဂလန်အသင်းအတွက် အစဉ်အလာအရ အားသာချက်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြင်သစ်နဲ့ (၂)ကြိမ် ဆုံတွေ့ခဲ့တာမှာ အင်္ဂလန်ကပဲ (၂)ကြိမ်စလုံး အနိုင်ရခဲ့ပါတယ်။

အင်္ဂလန်တို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၆၆ ပြိုင်ပွဲ၊ အုပ်စုတွင်းမှာ ပြင်သစ်နဲ့ဆုံတွေ့ခဲ့ချိန်က ၂-ဝ နဲ့ အနိုင် ရခဲ့သလို ၁၉၈၂ ကမ္ဘာ့ဖလားအုပ်စုမှာလည်း အင်္ဂလန်အသင်းပဲ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

သမိုင်းတစ်လျှောက် ဆုံတွေ့မှုမှတ်တမ်းအရ အင်္ဂလန်အသင်း အသာရနေသလို ပြင်သစ်နဲ့ စုစုပေါင်း (၃၁)ပွဲ ကစားခဲ့တာမှာ အင်္ဂလန်က (၁၇)ပွဲနိုင်၊ ပြင်သစ်က (၉)ပွဲနိုင်ပြီး၊ (၅)ပွဲ သရေကျခဲ့ပါတယ်။