ရော်နယ်ဒို ကို အရန်ခုံပို့ပြီး ပထမဆုံး ပွဲဦးထွက်မှာ ဟက်ထရစ် သွင်းခဲ့တဲ့ ဂွန်ဆာလို ရာမို့စ် ဆိုတာ ဘယ်သူလဲ

မနေ့ည က ပေါ်တူဂီ – ဆွစ်ဇာလန် ပွဲမှာ ခရစ်တီယာနို ရော်နယ်ဒို ပေါ်တူဂီ အသင်းရဲ့ အရန်ခုံသို့ အပို့ခံရစဉ် အသက် ၂၁နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေး ဂွန်ဆာလို ရာမို့စ်က ပွဲထွက်ခွင့် ရခဲ့ကာ သမိုင်းဝင် ဟက်ထရစ် သွင်းယူသွားခဲ့ပါတယ်။

ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတို့စ်ဟာ မနေ့ညက ဆွစ်ဇာလန်နဲ့ အရေးကြီးပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်စာရင်းကနေ ရဲရဲတင်းတင်း ချန်လှပ်ခဲ့ပြီး လူငယ်လေး ဂွန်ဆာလို ရာမို့စ် ကို ပွဲထုတ်ခဲ့ပါတယ်။

ရော်နယ်ဒို ရဲ့ နေရာ အစားထိုး ဝင်ရောက် ကစားခွင့် ရခဲ့တဲ့ ဂွန်ဆာလို ရာမို့စ် အတွက်တော့ ဒီပွဲက စိတ် လှုပ်ရှားမှုတွေ အပြင် ဖိအားတွေနဲ့ ပြည့်နှက်နေခဲ့မှာ သေချာပါတယ်။

မီဒီယာတွေက ရော်နယ်ဒိုရဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်နေခဲ့ကြပေမယ့် ၊ ဂွန်ဆာလို ရာမို့စ် က ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို တာဝန်ကျေပွန်စွာ လုပ်ဆောင်သွားခဲ့ပြီး ၊ ၁၇မိနစ် အကြာမှာပဲ သူ့ရဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာ့ဖလား ပွဲထွက်ခွင့်ကို စတင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ပွဲချိန် ၅၁မိနစ်နဲ့ ၆၇မိနစ်တွေမှာ ဟက်ထရစ် ရရှိစေမယ့် ဒုတိယဂိုးနဲ့ တတိယဂိုးတို့ကို ဂွန်ဆာလို ရာမို့စ် သွင်း ယူနိုင်ခဲ့သလို ၊ အသင်းဖော် ရာဖေးလ် ဂွာရဲရိုးရဲ့ ဂိုးကိုပါ ဖန်တီးနိုင်ခဲ့ပါတယ် ။ ဒီလိုနဲ့ ၇၄မိနစ် အရောက်မှာ ယင်းဘင်ဖီကာကြယ်ပွင့်ဟာ ရော်နယ်ဒိုနဲ့ လူစားလဲခံခဲ့ရပါတယ် ။

ဂွန်ဆာလို ရာမို့စ်ဟာ ယခုနှစ်ရာသီ ဘင်ဖီကာ အသင်း အတွက် ပြိုင်ပွဲစုံ ၂၂ပွဲမှာ ၁၄ဂိုး အထိ သွင်းယူထားတာကြောင့် ၊ အခုလို ဖာနန်ဒို ဆန်းတို့စ်ရဲ့ ကမ္ဘာ့ဖလား အပြီးသတ် လူစာရင်းမှာ ထိုက်ထိုက်တန်တန် ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ် ။

ဒါဝင် နူးနက်ဇ်ကို လီဗာပူးသို့ ပေါင် ၈၅သန်းနဲ့ ရောင်းချအပြီးမှာတော့ ဘင်ဖီကာဟာ ဂွန်ဆာလို ရာမို့စ်နဲ့ အသင့် အစားထိုး အသုံးပြုလျက်ရှိပါတယ် ။ ဂွန်ဆာလို ရာမို့စ်ဟာ သူ့ရဲ့ စီနီယာ ကစားသမား ဘဝ ပထမဆုံး ဟက်ထရစ်ကို ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း ကစားခဲ့တဲ့ မစ်ဂျေးလန်းနဲ့ ချန်ပီယံလိဂ် play-off ပွဲမှာ ရခဲ့တာ ဖြစ်ပါတယ် ။

၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ဂွန်ဆာလို ရာမို့စ်ဟာ ဘင်ဖီကာ စီနီယာ အသင်း အတွက် ပထမဆုံး အကြိမ် ကစားခွင့် ရခဲ့ပြီး ၊ လူစားဝင်ပြီးနောက် ၈မိနစ် အတွင်း ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ထိုနှစ်ဘောလုံးရာသီ ကုန်ခါနီးမှာလည်း ၎င်းဟာ UEFA Youth League ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီ အသင်းနဲ့ ရင်ဆိုင်ခဲ့ရကာ ၊ ပြိုင်ပွဲတလျှောက် သွင်းဂိုး ၈ဂိုးနဲ့ ပူးတွဲ ဂိုးအများဆုံး သွင်းနိုင်သူ တဦး ဖြစ်ခဲ့ပါတယ် ။

ဂွန်ဆာလို ရာမို့စ်ဟာ ပေါ်တူဂီ ယူ ၁၉ အသင်းနဲ့ အတူ ယူ ၁၉ ယူရိုဖိုင်နယ် တက်ရောက်ခဲ့ဖူးပြီး ၊ ၅ပွဲကစား ၄ဂိုးသွင်းခဲ့ကာ ၊ အိုင်ယာလန် ယူ ၁၉ အသင်းဖက်ကိုလည်း ဟက်ထရစ် သွင်းနိုင်ခဲ့ပါတယ် ။ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၎င်းရဲ့ ပထမဆုံး ကစားခွင့်ကိုတော့ နိုင်ဂျီးရီးယား အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ရရှိခဲ့ပါတယ် ။

ထိုပွဲမှာလည်း ရာမို့စ် တယောက် တဂိုးသွင်း ၊ တဂိုး ဖန်တီးနိုင်ခဲ့ကာ ၊ လက်ရွေးစင် ကစားသမား ဘဝကို လှလှပပ ဖွင့်နိုင်ခဲ့ပါတယ် ။ ယခု ကာတာ ကမ္ဘာ့ဖလားမှာ ဟက်ထရစ် မသွင်းနိုင်ခင် ဂွန်ဆာလို ရာမို့စ်ဟာ ဂါနာ ၊ ဥရုဂွေးတို့နဲ့ အုပ်စုပွဲတွေမှာ လူစားဝင် မိနစ် အချို့ ရခဲ့ပါတယ် ။

မနေ့ည က ဆွစ်ဇာလန်နဲ့ ပွဲမှာတော့ ဂွန်ဆာလို ရာမို့စ်ဟာ မှတ်ကျောက်တင်ခံရသင့်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ကာ ၊ ၂၀၀၂ ကမ္ဘာ့ဖလားမှ ဂျာမန် ဂန္တဝင် တိုက်စစ်မှူးဟောင်း မီရိုဆလပ်ဗ် ကလိုဆေး နောက်ပိုင်း ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ဟက်ထရစ်ကို ထိုက်ထိုက်တန်တန် ရယူနိုင်လိုက်ပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း လိဒ်စ်ယူနိုက်တက်ထံမှ စိတ်ဝင်စားမှု ရရှိခဲ့ဖူးတဲ့ ဂွန်ဆာလို ရာမို့စ်ဟာ ဒီဟက်ထရစ်ကြောင့် ပိုပြီး နာမည်ကြီးလာသလို ၊ မော်ရိုကိုနဲ့ ကွာတားဖိုင်နယ် အဆင့်မှာပါ ထိုခြေစွမ်းမျိုး ဆက်ထိန်းနိုင်မယ်ဆိုရင် လာမယ့် ဇန်နဝါရီမှာ အခြား ဥရောပ အင်အားကြီး ကလပ်တွေဆီကပါ ချဉ်းကပ်မှုတွေ ရလာမှာ သေချာပါတယ် ။