မိုရိုကို – ပေါ်တူဂီ၊ အင်္ဂလန် – ပြင်သစ် တို့ရဲ့ ဒီည ကွာတားဖိုင်နယ်ပွဲတွေ အတွက် ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်များ ထွက်ပါပြီ
ဒီနေ့ စနေနေ့ည ယှဉ်ပြိုင် ကစားကြမယ့် ကွာတားဖိုင်နယ် ပွဲစဉ်တွေ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ရဲ့ သုံးသပ်ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Morocco v Portugal
ပေါ်တူဂီ အသင်း မန်နေဂျာ ဖာနန်ဒို ဆန်တိုစ်က ပြီးခဲ့တဲ့ ၁၆ သင်း အဆင့် ဆွစ်ဇာလန်နဲ့ ပွဲမှာ စီ ရော်နယ်ဒို အစား ဂွန်ကာလို ရာမို့စ်ကို ရွေးချလိုက်တာက ရွေးချယ်မှုကောင်း ဖြစ်ခဲ့တယ်။ တောင်ကိုရီးယားနဲ့ ပွဲ လူစားလဲခံရတုန်းက ရော်နယ်ဒို အပြုအမူ အပေါ် နည်းပြဘက်က ခပ်ပြတ်ပြတ် တုန့်ပြန်လာတာကို ကျနော် သဘော ကျတယ်။
မန်ချက်စတာ ယူနိုက်တက်မှာလိုပဲ၊ ပေါ်တူဂီ အသင်းမှာလည်း ရော်နယ်ဒို မပါမှ အသင်းက ကောင်းတာပါ။ သူတို့ ဆွစ်နဲ့ ပွဲမှာ လုံးဝ အထင်ကြီးဖွယ် စွမ်းဆောင်ပြပြီး ကျနော့်ကို အံ့အားသင့်စေခဲ့တယ်။
မိုရိုကို အသင်းက ဘယ်ဂျီယံနဲ့ စပိန် ကို တားဆီးခဲ့တုန်းကထက် ဒီပွဲက အများကြီး ပို ခက်ခဲမှာပါ။ ဒါပေမယ့် သူတို့ကလည်း ခံစစ်အားဖြင့် စူပါ စုဖွဲ့မှုကောင်း ပိုင်ဆိုင်ထားပါတယ်။ ဒီကမ္ဘာ့ဖလားမှာ သူတို့က ပေးဂိုး တစ်ဂိုးပဲ ရှိထားတယ်။
စပိန်နဲ့ ပွဲတုန်းက Nayef Aguerd နာသွားခဲ့တာကြောင့် သူတို့ အဓိက ခံစစ်မှုး ဒီပွဲမှာ မပါနိုင်တာ မိုရိုကို အတွက် စိုးရိမ်မိတယ်။ ဒါပေမယ့် ကျနော် သူတို့ကို ဒီအဆင့်ကနေ တကယ်ပဲ တက်သွား စေချင်တယ်။ သူတို့ရဲ့ ပရိသတ်တွေကလည်း တကယ်ကို အံ့ဖွယ်ပဲ။ သူတို့ကို ဆီမီးဖိုင်နယ် တက်သွားပြီး မေ့မရနိုင်စရာ ဇာတ်လမ်းကောင်းလေး ပိုင်ဆိုင်စေချင်ပါတယ်။
ကျနော့် ဦးနှောက်က ပေါ်တူဂီ လို့ ပြောနေတယ်၊ သူတို့က ယုံကြည်မှုလည်း အပြည့်နဲ့ ရှိနေကြတယ်။ ဒါပေမယ့် ကျနော် နည်းနည်းတော့ ရိုချင် ဒရမ်မာ ဆန်ချင်တယ်။ ဒီပွဲတော့ နှလုံးသားနောက် လိုက်ချင်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Morocco 1-0 Portugal

England v France
ကျနော်တို့ အားလုံး အင်္ဂလန် ဒီပွဲမှာ ဘယ်သူတွေ ပွဲထွက်မယ်၊ ဘယ်လို ကစားကွက်နဲ့ ထွက်လာမလဲ ဆိုတာ တွေးတောနေကြတာပါ။ ဒါပေမယ့် ဂါရတ် ဆောက်ဂိတ်က ကာတာမှာ ခြေလှမ်း မမှားသေးပါဘူး။ ဒီပွဲ အတွက်လည်း သူ့မှာ ပလန် ရှိပါလိမ့်မယ်။
ဆောက်ဂိတ်က ဒီ ကမ္ဘာ့ဖလား မစခင် နေးရှင်းလိဂ် တုန်းက ရလဒ်တွေ မကောင်းလို့ အပြောခံခဲ့ရပါတယ် ဒါပေမယ့် နှစ်တွေနဲ့ ချီ ကြည့်မယ် ဆိုရင် သူက အလုပ်ကောင်း လုပ်ပြထားတယ်၊ လုပ်သလောက်တော့ အကောင်း အပြောမခံရသူပါ။
သူက ရုတ်ချည်းဆိုသလို အင်္ဂလန် အသင်းကို မျှော်လင့်ချက်တွေ ပြန်ပေးနိုင်ခဲ့ပြီး တကယ်လည်း serious အနေအထား ရောက်လာခဲ့ပါပြီ။ အင်္ဂလန်ဟာ ဒီကမ္ဘာ့ဖလား ဗိုလ်စွဲဖို့ ဆိုရင် နောက်ထပ် ၃ ပွဲ ပဲ နိုင်ဖို့ လိုတာပါ။ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဖို့ ဆိုရင် အင်္ဂလန်အသင်းဟာ ထိပ်တန်း ကစားသမား ပြိုင်ဘက်တွေ ရင်ဆိုင်ရမှာပါ။
ဆောက်ဂိတ်ရဲ့ အသင်းဟာ စနေနေ့မှာ ခံစစ်က အလုပ်များဖို့ ရှိနေတယ်။ သူတိုပ အမ်ဘတ်ပီ ကို ရပ်တန့်နိုင်မယ် ဆိုရင် တဖက် တောင်ပံကြောမှာ ဒမ်ဘီလီ ကိုလည်း ကြည့်ရဦးမယ်။ အထောင် တိုက်စစ်မှာ ဂျီရူးကလည်း ရှိနေတယ်။
ဒါပေမယ့် ဘတ်ပီ၊ ဒမ်ဘီလီနဲ ဂရစ်စမန်း တို့က သူတို့ ဘောလုံးပိုင်ဆိုင်မှု မရထားတဲ့ အချိန် ဆိုရင် သိပ်ကြီး ပြေးလွှား အလုပ်လုပ်နေတတ်သူတွေ မဟုတ်ဘူး။ ဒီတော့ အင်္ဂလန် အသင်းဟာ ရဲရဲသာ ကစားမယ် ဆိုရင် အခွင့်ကောင်းတွေ ရရှိနိုင်ပါတယ်။
ကျနော်ကတော့ အင်္ဂလန် ဒီပွဲ အနိုင် ယူနိုင်တယ်လို့ ထင်နေတယ်။ ဒီပြိုင်ပွဲ မစခင်ကဆိုရင် ဒီလိုပွဲမှာ ပြင်သစ်ကို ကျနော် ရွေးဖြစ်မှာပါ။ ဒီပွဲ ရလဒ်ကတော့ သိပ်ကွာမယ် မထင်ပါဘူး။
အင်္ဂလန်ဟာ ကွာတားဖိုင်နယ် အဆင့်ထိပဲ ရောက်မယ် လို့ ကျနော် အရင်က ခန့်မှန်းခဲ့တယ်။ အဲဒီလို ပြောခဲ့တာ မှားပါစေ ဆုတောင်းနေပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ England 1-2 France