ပင်နယ်တီ ၂ ကြိမ်ရခဲ့တဲ့ အင်္ဂလန် ကို ကျော်ဖြတ်နိုင်ရာမှာ ပြင်သစ် ဘယ်လို ကံကောင်းခဲ့လဲ ဂျရူး ထုတ်ဖော် ပြောဆို

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲမှာ လက်ရှိ ချန်ပီယံ ပြင်သစ်ဟာ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွား ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ပြင်သစ်တို့ လူငယ် ကွင်းလယ်လူ အော်ရယ်လီယန် ချူဝါမန်နီရဲ့ ၂၅ကိုက် အကွာက ကန်ချက်နဲ့ ပွဲကို ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချူဝါမန်နီက အင်္ဂလန် တောင်ပံ ကစားသမား ဘူကာယို ဆာကာကို ပင်နယ်တီ ဧရိယာ အတွင်း ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် ဟယ်ရီကိန်း ပင်နယ်တီဂိုးနဲ့ ပြန်ချေပခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ် မှာတော့ ဂရဇ်မန်းရဲ့ တိကျတဲ့ ဖြတ်တင်ဘောကနေ ဂျရူးက အရှိန်ပြင်းပြင်း ခေါင်းတိုက် သွင်းယူခဲ့ တာကြောင့် ပြင်သစ်တို့ ပွဲကို ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ သီယို ဟာနန်ဒက်ဇ်က အင်္ဂလန် လူစားဝင် ကွင်းလယ်လူ မေဆင်မောင့်ကို ပင်နယ်တီ ဧရိယာ အတွင်း ဘောလုံးကိုပင် မကြည့်ပဲ အတင်းတွန်းထုတ်ခဲ့တာကြောင့် VAR ရဲ့ အကူအညီနဲ့ အင်္ဂလန်တို့ ပင်နယ်တီ ထပ်ကန်ခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဒီတကြိမ်မှာတော့ ပင်နယ်တီကို မိုးပေါ်ထောင် ကန်ခဲ့တာကြောင့် ရွှေအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဒီရလဒ်နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ် ။

ပွဲအပြီး ITV Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ပြင်သစ်ဟီးရိုး ဂျရူးက အင်္ဂလန်ရဲ့ ဒုတိယမြောက် ပင်နယ်တီ မတိုင်ခင် ဟယ်ရီကိန်းကို mind game လုပ်ဖို့ ချဉ်းကပ် ကြိုးစားခဲ့ခြင်း မရှိကြောင်း ဖြေရှင်းခဲ့ပါတယ်။

ဂျရူး က ” ပင်နယ်တီ ထပ်ပေးဖို့လောက် အထိ ပြင်းထန်မှု ရှိရဲ့လားလို့ပဲ ကျွန်တော် ကွင်းလယ်ဒိုင်ကို သွားပြော ခဲ့တာပါ ။ ဒီလို ပြစ်ဒဏ်ဘောမျိုးက သာမန်ပွဲတွေမှာ မြင်တွေ့နေကျ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်မျိုးနဲ့ ကြုံတွေ့ရတဲ့ပွဲတိုင်း ကျွန်တော် ဒါတွေကို နားလည်ပေးနိုင်ပြီး ၊ နည်းနည်းတော့ ပြင်းထန်တယ်လို့ ခံစားရပါတယ် ။ ”

” ဟယ်ရီကိုတော့ ကျွန်တော် ဘာမှ သွားမပြောခဲ့ပါဘူး ။ ကွင်းလယ်ဒိုင်ကိုပဲ ကျွန်တော် စကားသွားပြောခဲ့တာပါ ။ ဒါပေမယ့် ဖြစ်ပြီးမှတော့ ခင်ဗျား အနေနဲ့ အရာရာတိုင်း သွားပြီး ပြန်ပြင်ခိုင်းလို့ မရပါဘူး ။ ဒိုင်က သူ့ဆုံးဖြတ်ချက် သူချခဲ့ပါတယ် ။ ”

” အဲဒီနောက် ဟယ်ရီက ဒါကို ဂိုးပေါက်ထဲ အဆုံးမသတ်နိုင်ခဲ့လို့ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြင်သစ်အသင်းဟာ ပေါ်တူဂီကို ဖြုတ်လာခဲ့တဲ့ မော်ရိုကိုနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။