အင်္ဂလန်အသင်း အခုလို ရှုံးနိမ့်ရတာ ဘယ်သူ့ကြောင့်လဲ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်သွားတဲ့ မက်ဂွိုင်းယား

ညက ကစားခဲ့တဲ့ ပြင်သစ်နဲ့ ကွာတားဖိုင်နယ် ပွဲ အပြီးမှာ အင်္ဂလန် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက သူတို့ အသင်းဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလို့ ဆိုသွားခဲ့ပါတယ်။ ထိုပွဲမှာ ပြင်သစ်က အင်္ဂလန်ကို ၂-၁ နဲ့ အနိုင်ရသွားခဲ့တာပါ။

ထိုပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး လူစာရင်း ပိုတောင့်တဲ့ အင်္ဂလန်က ပြင်သစ်ကို ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးတဲ့ ပြင်သစ် ကစားသမားတွေက သူတို့ ရထားတဲ့ အတွေ့အကြုံတွေနဲ့ ပွဲကို ထိန်းကစားသွားခဲ့ကာ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် အင်္ဂလန်ကို ဒုက္ခပေးသွားခဲ့ပါတယ်။

ပြင်သစ်အတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၇မိနစ်မှာ ကွင်းလယ်လူ ချူအာမီနီနဲ့ ပွဲချိန် ၇၈မိနစ်မှာ အဓိက တိုက်စစ်မှူး ဂျရူးတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အင်္ဂလန်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၅၄မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပေးခဲ့တာပါ။

အင်္ဂလန်က ပွဲချိန် ၈၄မိနစ်မှာ ပင်နယ်တီ ထပ်ရခဲ့ပေမယ့် ဟယ်ရီကိန်းက အဆိုပါ ပင်နယ်တီကို ဂိုးဝင်အောင် မကန်နိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခွင့် ရမယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ အင်္ဂလန် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို ဆိုးရွားခဲ့တယ်လို့ ဝေဖန်လိုက်ပြီး သူတို့အသင်းဟာ ကွင်းလယ်ဒိုင်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ရှုပ်ခဲ့ရကြောင်း ပြောလာပါတယ်။

မက်ဂွိုင်းယားက – “ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တချို့က မေးခွန်းထုတ် ဝေဖန်စရာ ဖြစ်ခဲ့သလို သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း အတော်ကို ဆိုးရွားခဲ့ပါတယ်။

ပွဲပြီး အင်တာဗျူးမှာ ခုလို ကျနော် ဖြေတာထက် ကွင်းလယ်ဒိုင်က သတင်းထောက်တွေနဲ့ တွေ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်က ကောင်းလား ၊ မကောင်းဘူးလား ဆိုတာကို လာဖြေရင် ပိုတောင် ကောင်းမယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တာပါ။ ဒါကိုလည်း ပွဲကြည့်တဲ့ လူတိုင်း သိကြမယ် ထင်ပါတယ်။ ပွဲ အလှည့်အပြောင်းကို ဖြစ်စေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ဆိုရင် ကွင်းလယ်ဒိုင်က ကျွန်တော်တို့အသင်း နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်ခဲ့တာပါ” လို့ ဝေဖန်သွားခဲ့ပါတယ်။