မန်ယူ ကမ်းလှမ်းတဲ့ လစာထက် ၃ ဆ နီးပါးပေးပြီး ရက်ရှ်ဖို့ဒ်ကို ခေါ်တော့မယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေရာသီမှာ ဘော့စမန် အပြောင်းအရွှေ့နဲ့ ခေါ်ယူနိုင်ဖို့အတွက် မြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြသစ် အဲရစ် တန်ဟက်လက်အောက်မှာ ပုံစံကောင်း ပြန်လည် ရရှိနေတဲ့ ကစာသးမားဖြစ်ပြီး ၄-၂-၃-၁ ကစားကွက်မှာ အဓိက တိုက်စစ်မှူးအဖြစ် ကစားပေးရင်း ယခုရာသီ ၁၈ ပွဲမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ညာသန် တိုက်စစ်မှူးဟာ ၎င်းရဲ့ မြန်နှုန်း၊ နေရာစုံကစားနိုင်စွမ်းကြောင့် ထင်ရှားကျော်ကြားပြီး ရက်ရှ်ဖို့ဒ်ဟာ ဒီတလော အတော် တောက်ပလာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမစတင်ခင် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ လိုအပ်လာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။

ဒီလို အချိန်မှာ ပီအက်စ်ဂျီအသင်းကလည်း လာမယ့် ဇန်နဝါရီလမှာ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုနိုင်အောင် တစ်ပတ်လုပ်ခလစာ ပေါင် ၈ သိန်းခွဲ အထိ တန်ကြေးရှိတဲ့ စာချုပ်ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီ လုပ်ခနဲ့ ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ လစာအများဆုံး ကစားသမားတွေထဲ ပါဝင်လာမှာပါ။

ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်ဘက်တစ် အသင်းတို့ကလည်း လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ပီအက်စ်ဂျီကတော့ နေမာနဲ့ လီယွန်နယ် မက်ဆီတို့ အသက် ရလာပြီ ဖြစ်တာကြောင့် တောင်ပံ ၂ ဖက်စလုံးမှာ ဝင်ကစားပေးနိုင်တဲ့ ရက်ရှ်ဖို့ဒ်ကို ပစ်မှတ် ထားလာတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ရက်ရှ်ဖို့ဒ်ကို တစ်ပတ်လုပ်ခလစာပေါင် ၃ သိန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပေမယ့်လည်း အင်္ဂလန် တိုက်စစ်မှူးက စာချုပ်သက်တမ်းတိုး စာချုပ်သစ်ကို လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။

တကယ်လို့သာ အင်္ဂလန်သားက သက်တမ်းတိုး စာချုပ်သစ်ကို သဘောမတူသေးရင် မန်ယူ အသင်းဘက်က တစ်နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းလာဖွယ် ရှိပါတယ်။