မက်ဆီ ရဲ့ ပါဝါကြောင့် လား၊ လက်ကျန်ပွဲစဉ်တွေ မကိုင်ရတော့ဘဲ အိမ်ပြန်လွှတ်ခံရတဲ့ ဒိုင်လူကြီး
ပြီးခဲ့တဲ့ အာဂျင်တီးနား – နယ်သာလန် တို့ရဲ့ ကွာတားဖိုင်နယ် ပွဲမှာ အာဂျင်တီးနား ကစားသမားတွေဟာ စပိန်လူမျိုး ကွင်းလယ်ဒိုင် အန်တိုနီယို မတ်တီယူ လာဟို့ဇ်ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ကျေနပ်ခဲ့ကြခြင်း မရှိပါဘူး။ ဒိုင်လူကြီး လာဟို့ဇ်ဟာ မိနစ် ၁၂၀ အတွင်း ၂ဖက် အသင်းသားတွေကို အဝါကတ် ၁၅ကတ် အထိ ပြသကာ ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
အာဂျင်တီးနား အသင်းဟာ ထိုပွဲရဲ့ ဒုတိယပိုင်း ပြီးခါနီးနဲ့ အချိန်ပို မိနစ်တွေမှာ အဝါကတ် ၇ကတ် အထိ ပြသခံခဲ့ရပြီး ၊ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပွဲအပြီး အင်တာဗျူးမှာ လာဟို့ဇ်ရဲ့ ပွဲထိန်းချုပ်ပုံတွေ စံနှုန်းမမှီကြောင်း ဖီဖာထံ အခုလိုပဲ ဖွင့်ဟ တောင်းဆိုခဲ့ပါတယ်။

မက်ဆီ က ” ဖီဖာဟာ ဒါကို တာဝန်ယူ စစ်ဆေးရမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီလို ပွဲအဆင့်မျိုး ၊ ဒီလို အရေးကြီးတဲ့ပွဲမျိုးမှာ ဒီလို ကွင်းလယ်ဒိုင်ကို ပွဲကြီးကြပ်ခွင့် ပေးလို့မရပါဘူး ။ ကွင်းလယ်ဒိုင်ဟာ ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တွေကို လစ်ဟင်းလို့ လုံးဝ မဖြစ်ပါဘူး ။ ” လို့ ပြောကြား တောင်းဆိုခဲ့ပါတယ်။
အာဂျင်တီးနားတို့ အတွက် ပင်နယ်တီမှာ ဟီးရိုး ဖြစ်ခဲ့တဲ့ ဂိုးသမား အမီလီယာနို မာတီနက်ဇ်ကလည်း မက်ဆီ နည်းတူ ယင်းစပိန်လူမျိုး ကွင်းလယ်ဒိုင်ရဲ့ ပွဲကိုင်တွယ်ပုံ အပေါ် အခုလိုပဲ ဝေဖန်ခဲ့ပါသေးတယ် ။
စပိန် သတင်းဌာန တရပ် ဖြစ်တဲ့ COPE ရဲ့ ဖော်ပြချက် အရ ဒိုင်လူကြီး အန်တိုနီယို လာဟို့ဇ်ဟာ လာမယ့် ဆီမီးဖိုင်နယ် ၊ တတိယလုပွဲနဲ့ ဗိုလ်လုပွဲတွေကို ကိုင်တွယ်ခွင့် ရတော့မှာ မဟုတ်ဘဲ အိမ်ပြန်လွှတ်ခံလိုက်ရပြီ လို့ သိရပါတယ် ။
ဒါကြောင့် မက်ဆီ တောင်းဆိုခဲ့တဲ့ ဆန္ဒ တခု ပြည့်မြောက်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ပြောခဲပေမယ့် ပြောထွက်လာချိန် မှာတော့ GOAT တစ်ဦးရဲ့ တောင်းဆိုမှုက အလဟဿ မဖြစ်ခဲ့ပါဘူး။