ဒီည အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ပွဲစဉ်အတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က ဒီနေ့ညမှာ ယှဉ်ပြိုင်ကြမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမ ပွဲစဉ် ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဒီပွဲကတော့ ကျနော် လက်မြှောက်ထားချင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ဒီပြိုင်ပွဲမှာ ခရိုအေးရှား ပြုတ်ကျန်ခဲ့မယ် လို့ အကြိမ်များစွာ မှန်းခဲ့မိတယ်။ သူတို့ကို အတော် ဆိုးဆိုး မှန်းမိတယ် လို့ ဝန်ခံရတော့မှာပဲ။
သူတို့က သိပ်ကို ကောင်းမွန်စွာ စုဖွဲ့ ကစားခဲ့တယ်။ အသက် ၃၇ နှစ် အရွယ် လူကာ မိုဒရစ်ကလည်း သိပ်ကို လွှမ်းမိုးနိုင်ဆဲပဲ။ သူတို့က ပွဲကို ထိန်းဖို့ ဘောလုံးကို ခြေထဲ ထားနိုင်တယ်၊ ဘောလုံး ဆုံးရှုံးရင်လည်း မရမက ကို လိုက်ယူတာပါ။
သူတို့ အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘရာဇီးနဲ့ ပွဲ လိုအပ်ချိန်မှာ ဂိုး ရအောင် ယူသွားနိုင်တယ်။ ဒီအဆင့်ထိအောင် သူတို့ ရောက်လာတာ မြင်ရတာ ပျော်စရာပါပဲ။

ဒီပွဲကလည်း ပင်နယ်တီထိသာ သွားမယ် ဆိုရင် ပြီးခဲ့တဲ့ နှစ်ဆင့် လုံးမှာ ဟီးရိုး ဖြစ်ခဲ့တဲ့ သူတို့ ဂိုးသမား ဒိုမိနစ် လီဗာကိုဗစ် ကို ဘယ်သူကမှ ပို အလေးပေးကြဦးမယ် မထင်ဘူး။
အာဂျင်တီးနား အတွက်တော့ ဒီပွဲက အလွန် အလွန်ကို ခက်ခဲမှာပါ။ ဒါပေမယ့် သူတို့ ခရိုအေးရှားကို လျှော့တော့ တွက်မှာ မဟုတ်ဘူး၊ ဘယ်လို အခက်အခဲ ကြုံရမယ် ဆိုတာ မှန်းထားပြီး ဖြစ်ပါလိမ့်မယ်။
အာဂျင်တီးနားက အစွန်ခံစစ်သမားတွေ ဖြစ်တဲ့ ဂွန်ဇာလို မွန်တီရယ်နဲ့ မာကို့စ်အက်ကူနာတို့ နှစ်ယောက်လုံး ဒီပွဲမှာ ပွဲပယ် ထိထားလို့ ပါနိုင်မှာ မဟုတ်ပါဘူး။ သူတို့ က နယ်သာလန်နဲ့ ပွဲမှာ အဝါကတ်တွေ ထိထားခဲ့တယ်။
လီယွန်နယ် မက်ဆီက အာဂျင်တီးနားကို ၂-ဝ ဖြစ်အောင် ဦးဆောင်ထားနိုင်ချိန်မှာ အားလုံးက ပြီးသွားပြီ ထင်ခဲ့ပေမယ့် နယ်သာလန် တို့က အကြမ်းစား ပြန် တုန့်ပြန်ခဲ့တယ်။ အမြင့်ဘော တိုက်ရိုက်ပေးမှုတွေနဲ့ တိုက်စစ် ဆင်လာခဲ့ပြီး အချိန်ပိုမှာ အဲဒီလိုသာ ဆက် ကစားနိုင်ရင် ပွဲကိုတောင် နိုင်ကောင်း နိုင်သွားလောက်တယ်။
ဒီပွဲ ကလည်း ဘယ်လို ကစားပေါက်တွေနဲ့ ဘာတွေ ဖြစ်မလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ဘယ်အသင်းနိုင်မလဲ မေးလာရင် ကျနေ်ာကတော့ ၅၀-၅၀ ပဲ လို့ ပြောရမှာပဲ။ ဒီပြိုင်ပွဲမှာ ကျနော်က ဦးနှောက်ထက် နှလုံးသားက အလေးပေးတဲ့ အသင်းတွေကိုချည်း ရွေးချယ်နေမိခဲ့တာပါ။ ဒီတော့ ဒီပွဲ အတွက်လည်း အဲဒီလိုပဲ လုပ်ပါမယ်။ မက်ဆီ ကိုပဲ ဖိုင်နယ် ပို့ချင်တယ်။

မာရာဒိုနာက အကောင်းဆုံး ဘောလုံးသမားပဲ လို့ ကျနော် အမြဲ ပြောခဲ့တယ်။ သူက ၁၉၈၆ မှာ ကမ္ဘာ့ဖလား ရခဲ့တာပါ။ မက်ဆီရဲ့ အံ့ဖွယ် ဘောလုံး ကစားသမားဘဝကလည်း ဒီဖလားကိုသာ မရယူနိုင်ရင် မပြည့်စုံဘူးလို့ တချို့ လူတွေက တံဆိပ်ကပ် ပါလိမ့်မယ်။ ဒါပေမယ့် မက်ဆီက ဒီဖလား ကို ရယူဖို့ ၂ ပွဲ အလိုမှာ ရောက်နေပြီ၊ သူ တကယ် လုပ်ပြနိုင်တာကို ကျနော် မြင်ချင်မိတယ်။
သူ့ရဲ့ နယ်သာလန်နဲ့ ပွဲမှာ အာဂျင်တီးနားရဲ့ ဦးဆောင်ဂိုး အတွက် ပေးပို့မှုက လုံးဝကို ရင်သပ်ရှုမော ဖြစ်ခဲ့ရတယ်။ မိနစ် ၉၀ လုံး ဒါမျိုး မလုပ်ပြနိုင်ရင်တောင် သူက ပွဲထဲမှာ ဒီလို မှော်ဆန်တာတွေ လုပ်ပြနိုင်သေးတယ် ဆိုတာ ပြသခဲ့တယ်။
ဒီပွဲမှာလည်း မက်ဆီ ဒါမျိုး လုပ်ပြဖို့ လိုအပ်ပါလိမ့်မယ်။ အာဂျင်တီးနားတို့ ခေါင်းအေးအေးလည်း ထားရပါလိမ့်မယ်။ ဒါမှသာ ဒီအဆင့်ကနေ ကျော်ဖြတ်နိုင်မှာပါ။ ဟုတ်ပါတယ်။ ဒီပွဲမှာလည်း ခရိုအေးရှား ကျန်ခဲ့မယ် လို့ ကျနော် ပြောပြန်ပါပြီ။ ” လို့ ဆက်တန် က သုံးသပ်ထားပါတယ်။
ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဂျင်တီးနား ၁-ဝ ခရိုအေးရှား ဖြစ်ပါတယ်။