မက်ဆီရဲ့ မှတ်တမ်းသစ်နဲ့ ဗိုလ်လုပွဲရောက် အာဂျင်တီးနား၊ မပေးသင့်တဲ့ ပင်နယ်တီ၊ ဆောက်ဂိတ် အနာဂတ်နဲ့ နံနက်ခင်း ဘောလုံး သတင်းများ

မနေ့ညက အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းဟာ မက်ဆီရဲ့ ပင်နယ်တီ သွင်းဂိုး တစ်ဂိုးအပါဝင် အလာဗက်ဇ်ရဲ့ အဖိုးတန်သွင်းဂိုး နှစ်ဂိုးကြောင့် သုံးဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုး အထိ ရှိပြီ ဖြစ်တဲ့ မက်ဆီကလည်း ၁၉၉၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ် လေးခုမှာ ကိုယ်တိုင်ဂိုးသွင်း အသင်းဖော်ကို ဂိုးဖန်တီးပေးနိုင်တဲ့ ပထမဆုံး ကစားသမား လည်း ဖြစ်လာခဲ့ပါတယ်။

ခရိုအေးရှားနည်းပြ ဒါလစ်ကတော့ မိမိတို့အသင်းဟာ အာဂျင်တီးနားအသင်းကို မပေးသင့်တဲ့ ပင်နယ်တီမျိုး ပေးခဲ့ရကြောင်း ကွင်းလယ်ဒိုင်ကို စောဒက တက် ဝေဖန်ပြစ်တင် သွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ ပူလီဆစ်ဟာ လာမယ့် ဇန်နဝါရီမှာတင် အသင်းမှ ထွက်ခွါဖို့ စိတ်ဆုံးဖြတ်ထားကြောင်း သတင်းရရှိပါတယ်။

ခရိုအေးရှား ကွင်းလယ်ကစားသမား မိုဒရစ်တစ်ယောက် ယခုတစ်ခေါက် ကမ္ဘာ့ဖလားအပြီး လက်ရွေးစင် အသင်းမှ အနားယူဖို့ ဆုံးဖြတ်လာဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဟာ ဆောက်ဂိတ်ကို ထုတ်ပယ်ကာ နိုင်ငံခြားသား နည်းပြတစ်ယောက်ကို အစားထိုး ခန့်အပ်နိုင်ဖို့ ကြိုတင် ရှာဖွေမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း အင်္ဂလန် အသင်းဟာ နည်းပြ ဆောက်ဂိတ်ကို ထုတ်ပယ်လိုနေပေမယ့် ကစားသမားတွေ ကသာ နည်းပြကို ဆက်လက်ခန့်ထားဖို့ တောင်းဆိုလာပါက ဆောက်ဂိတ်ကို ဆက်လက်ခန့်အပ်သွားဖို့ ရှိနေကြောင်း သတင်းရရှိပါတယ်။

ဘရာဇီးလက် လက်ရွေးစင် အသင်းဟာ နည်းပြသစ် အစားထိုးခန့်အပ်နိုင်ဖို့ လိုက်လံ ရှာဖွေနေပြီး အန်ဆယ်လော့တီ ကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

အေစီမီလန် အသင်းတိုက်စစ်မှူးကြီး မိုဗစ်ကတော့ အသင်းရှိ လူငယ်တိုက်စစ်မှူးလေး လီယိုကို အသင်းမှာ ဆက်နေဖို့ အကြံပေး ပြောဆိုသွားခဲ့ပါတယ်။