အာဂျင်တီးနား ရသွားတဲ့ ပင်နယ်တီက ပေါပေါပဲပဲ နိုင်လွန်းပြီး ဒိုင် ဘက်လိုက်တယ် စွပ်စွဲလိုက်တဲ့ ခရိုအေးရှား နည်းပြ
ခရိုအေးရှား မန်နေဂျာ ဇလက်ကိုဒါလစ်က မနေ့ညက အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ တောင်အမေရိက အသင်းကို ပင်နယ်တီ ပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်သွားခဲ့ပြီး ဒါဟာ ‘သံသယဖြစ်စရာ ဆုံးဖြတ်ချက်’ လို့ အမည်တပ် လိုက်ပါတယ်။
အာဂျင်တီးနားဟာ မက်ဆီရဲ့ ပင်နယ်တီ ဂိုးနဲ့ ဂျူလီယန်အယ်ဗာရက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ခရိုအေးရှားကို ၃-၀ နဲ့ အနိုင်ယူကာ ဖိုင်နယ်သို့ တက်သွားခဲ့ပါတယ်။

နည်းပြ ဒါလစ်က ပထမပိုင်းမှာ ခရိုအေးရှားတို့ ခြေစွမ်းအသာစီး ရနေချိန်မှာ အာဂျင်တီးနား ဘက်ကို ပင်နယ်တီ ပေးခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် ညီးတွားသွားခဲ့ပါတယ်။
ပွဲချိန် မိနစ် ၃၀ ကျော်မှာ အယ်ဗာရက်စ်ရဲ့ ကန်သွင်းမှုဟာ ကန်ချက်လွဲသလို ဖြစ်ခဲ့ကာ ရှေ့ကို တက်လာခဲ့တဲ့ ဂိုးသမား လီဗာကိုဗစ်နဲ့ တိုက်မိခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ အဖြစ် သတ်မှတ်ခဲ့ကာ VAR ကလည်း ဒီ အဖြစ်အပျက်ကို ပြန်ကြည့်ခိုင်းတာမျိုး မရှိခဲ့ပါဘူး။

အဆိုပါ အဖြစ်အပျက်နဲ့ပက်သက်ပြီး မေးမြန်းရာမှာ ခရိုအေးရှားနည်းပြ ဒါလစ်က “ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့တဲ့ အတွက် ကျွန်တော် အာဂျင်တီးနား အသင်းကို ဂုဏ်ပြုသွားချင်ပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ခဲ့ကြတဲ့ ကျွန်တော့်ရဲ့ ကောင်လေးတွေကို ကျေးဇူးတင်ချင်ပါတယ်။
ရိုးရိုးသားသား ပြောရရင် ပထမသွင်းဂိုး ကတော့ တကယ့်ကို သံသယ ဖြစ်စရာပါပဲ။ ပထမ အချက်က ထောင့်ကန်ဘော အခြေအနေ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ တုန့်ပြန်ပုံအရ ကျွန်တော်တို့ ထောင့်ကန်ဘော ရခဲ့သင့်ပါတယ်။ အဲဒီနောက် ပင်နယ်တီ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပါတယ်။ တအားကို ပေါပေါပဲပဲနဲ့ လွယ်လွယ်ကြီး ပေးလိုက်တဲ့ ပင်နယ်တီ ပါပဲ။
ကျွန်တော်တို့ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တန်ပြန်တိုက်စစ်ကနေ တဆင့် ဒုတိယဂိုးကို ပေးခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပွဲက ပြီးသလောက် ဖြစ်သွားခဲ့ပါပြီ။ ကျွန်တော်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့်လည်း လုံလောက်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။