မန်ယူအသင်း ကို ကျော်ပြီး မထင်မှတ်တဲ့ ပြိုင်ဘက်အသင်းထံ ပြောင်းဖို့ ရေပန်းစားလာတဲ့ ဂျာအိုဖိလစ်
အက်သက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖိလစ်ဟာ လာမယ့် ဆောင်း ဈေးကွက်မှာ အသင်းသစ် ပြောင်းဖွယ် ရှိနေပြီး ကလပ်အသင်းများစွာကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းက ဖိလစ် ကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြလာခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဖေးလစ်ဟာ အက်သက်လက်တီကိုအသင်းရဲ့ အဓိက ကစားသမား ဖြစ်ပေမယ့်လည်း ဒီနှစ်ရာသီမှာတော့ အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ပွဲ ကစားခွင့်တွေ အကန့်အသတ်နဲ့သာ ပေးနေတဲ့ အပေါ် ဖိလစ် က စိတ်ပျက်နေတာကြောင့် အသင်းနဲ့ အလျင်အမြန် လက်တွဲဖြုတ်သွားချင်နေပါတယ်။
အသက်(၂၃)နှစ်သာ ရှိနေသေးတဲ့ ပေါ်တူဂီကြယ်ပွင့်လေး ဖိလစ် ကို ပီအက်စ်ဂျီ မန်ချက်စတာ ယူနိုက်တက် အာဆင်နယ်နဲ့ ဗီလာအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပြီး Marca သတင်းစာရဲ့ ဖော်ပြချက်မှာတော့ အာဆင်နယ် အသင်းက အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဖိလစ် ကို ခေါ်ဖို့ တောက်လျောက် ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး နောက်နှစ်မှာတော့ အရ ခေါ်ယူနိုင်မယ် လို့ ယူဆထားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီထဲ ခြေစွမ်းပိုင်း ရလဒ်ပိုင်း အကောင်းဆုံး အနေအထားမှာ ရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ဒီလိုအချိန်မှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဂါဘရီရယ်ဂျေဇူးက ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်း ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လအနည်းငယ်အထိ အနားယူရတော့မှာဖြစ်လို့ ဂျေဇူးနေရာအတွက် ကစားသမား ဖြည့်တင်းဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်က တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖယ်ရန်တောရက်စ် မန်ဖစ်ဒီပိုင်း ဂျာအိုဖေးလစ်တို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ရတာဖြစ်ပြီး ရှက်တာဒိုးနက်ရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး မူဒရစ်နဲ့လည်း သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိလို့နေပါတယ်။