ဖိုင်နယ်မှာ မက်ဆီနဲ့ တွေ့မယ့် အပေါ် သူတို့ သဘောထားတွေ ထုတ်ဖော် ပြောလာတဲ့ ပြင်သစ် အသင်းသားများ

လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနား အသင်းနဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘောလုံး အင်အားကြီး နိုင်ငံ ၂သင်းရဲ့ အားပြိုင်မှု သာမက ကမ္ဘာကျော် စူပါစတား ၂ဦး ဖြစ်တဲ့ မက်ဆီနဲ့ အမ်ဘတ်ပေတို့ရဲ့ အားပြိုင်မှုကိုပါ မြင်တွေ့ရမယ့်ပွဲ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပွဲ အပြီးမှာတည်းက ပြင်သစ် အသင်းသားတွေကတော့ ဖိုင်နယ်မှာ တွေ့မယ့် အာဂျင်တီးနားရဲ့ အဓိက ကစားသမား ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ပတ်သတ်ပြီး သူတို့ သဘောထား အမြင်တွေကို အခုလို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဂရဇ်မန်း

” မက်ဆီ ပါတဲ့ ဘယ်အသင်းမဆို လုံးဝ ကွဲပြားခြားနားတဲ့ အသွင်ဆောင်တတ်ပါတယ် ။ ကျွန်တော်တို့ဟာ အာဂျင်တီးနား အကြောင်း သိထားကြသလို ၊ သူတို့ ဘယ်လို ကစားတတ်သလဲ ဆိုတာလည်း မြင်ဖူးပါတယ် ။ သူတို့ဟာ ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်း တသင်း ဖြစ်ပြီး ၊ လက်ရှိမှာ ထိပ်တန်း form တခု ရနေပုံ ပေါ်ပါတယ် ။ ”

” ဒါပေမယ့် သူတို့ဟာ မက်ဆီ တဦးတည်း အပေါ် မှီခိုတဲ့ အသင်း မဟုတ်ပါဘူး ။ သူတို့မှာ တောင့်တင်းပြီးသား ကစားသမား အင်အားမျိုး ရှိပါတယ် ။ နောက်ပြီး သူတို့ အနောက်က ပရိသတ်ထုဆီကနေလည်း အားပေးမှု အများအပြား ရဦးမှာပါ ။ ကျွန်တော်တို့ ဒီအတွက် သေသေချာချာ ပြင်ဆင်သွားပါမယ် ။ ”

လိုရစ် (ဂိုးသမား)

” ဒါက ကြီးကျယ်တဲ့ ပွဲတပွဲ ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါဟာ ဘောလုံး အင်အားကြီး နိုင်ငံ ၂နိုင်ငံ ထိပ်တိုက် တွေ့ဆုံတဲ့ ဖိုင်နယ် ပွဲကြီး ဖြစ်ပါတယ် ။ အားလုံး သိကြတဲ့အတိုင်း အာဂျင်တီးနားဟာ အရမ်း အရမ်း ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ် ။ သူတို့ရဲ့ အားသာချက်ကို ဒီပြိုင်ပွဲတလျှောက် အများ မြင်တွေ့အောင် ပြသထားပြီးပါပြီ ။ ”

” နောက်ပြီး သူတို့မှာ လီယွန်နယ် မက်ဆီဆိုတဲ့ စပါယ်ရှယ် ကစားသမား တယောက်လည်း ရှိနေပါတယ် ။ ဒါပေမယ့် အခု လောလောဆယ်တော့ ဒီနေ့ တိုက်ပွဲကနေ ကောင်းကောင်း အနားယူပြီး ၊ နောက်တဆင့် အတွက် ပြင်ဆင်တာက အကောင်းဆုံး ဖြစ်ပါတယ် ။ နောက်ဆုံးအဆင့်ဆိုတော့ အခက်ခဲဆုံးပေါ့ဗျာ ။ ”

သီယို ဟာနန်ဒက်ဇ်

” ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ၂ကြိမ်ဆက် ယှဉ်ပြိုင်ခွင့် ရတာက အံ့သြဖွယ် အခိုက်အတန့် ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ကောင်းကောင်း စွမ်းဆောင်ပြထားပါတယ် ။ ခက်တော့ ခက်ခဲခဲ့ပေမယ့် ၊ အခု ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်နေပါပြီ ။ ”

” ဒီဖိုင်နယ်မှာ ဗိုလ်စွဲဖို့ ကျွန်တော်တို့ အရာရာ ကြိုးစားသွားမှာပါ ။ အခုတော့ ကျွန်တော်တို့ ဖိုင်နယ် အကြောင်း စဉ်းစားရပါတော့မယ် ။ ကျွန်တော်လည်း ပင်ပန်းနေပါပြီ ။ ဒါပေမယ့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာက ဝမ်းမြောက်စရာကောင်းပါတယ် ။ အခုတော့ လာမယ့် တနင်္ဂနွေနေ့ ပွဲအတွက် ကျွန်တော်တို့ အနားယူကြတာပေါ့ ။ ”

” မက်ဆီဟာ ကျွန်တော်တို့ကို မတုန်လှုပ်စေပါဘူး ။ အာဂျင်တီးနားဟာ အံ့သြဖွယ်ကောင်းတဲ့ အသင်း ဖြစ်ပေမယ့် ကျွန်တော်တို့မှာ သူတို့ကို ရင်ဆိုင်ဖို့ ပြင်ဆင်ချိန် ရက်အနည်းငယ် ရထားပါတယ် ။ ”