ဒီပိုင်း ကို ဈေးပေါင်ကျိုး မထင်မှတ်တဲ့ ဈေးနဲ့ ထုတ်ရောင်းဖို့ ကြိုးစားစပ်ဟပ်နေတဲ့ ဘာစီလိုနာ အသင်း
ဘာစီလိုနာအသင်းဟာ အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ် ဒီပိုင်းကို လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်အတွင်း မထင်မှတ်လောက်အောင် နည်းတဲ့ ပြောင်းရွှေ့ကြေး ယူရို(၂)သန်းတည်းနဲ့ ရောင်းထုတ် သွားချင်နေတယ်လို့ စပိန်နိုင်ငံ အခြေစိုက် Sport သတင်းစာ က ဖော်ပြလာပါတယ်။
ဘာစီလိုနာအသင်းကို နယ်သာလန်လူမျိုး ရော်နယ်ကိုးမန်း ကိုင်တွယ်ခဲ့ချိန် ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက် အတွင်းမှာပဲ နယ်သာလန် တိုက်စစ်ကစားသမားဖြစ်သူ ဒီပိုင်းကို လိုင်ယွန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဒီပိုင်းကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီစာချုပ်ကလည်း ဒီရာသီအကုန်မှာပဲ ကုန်ဆုံး သွားတော့မှာ ဖြစ်လို့ ဒီပိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်လိုက်ရမှာထက် တန်ကြေးလေး ရရှိချင်တာကြောင့် အခုလို ယူရို(၂)သန်းခန့်နဲ့ ရောင်းချသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ဘာစီလိုနာအသင်းဟာ ကလပ်အသင်းတချို့နဲ့ ချိတ်ဆက်မေးမြန်းခဲ့ပေမယ့်လည်း အသင်းတိုင်းလိုလိုက လာမယ့် နွေမှာ အလွတ် ခေါ်ယူနိုင်တော့မယ့် ဒီပိုင်းအတွက် ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ သုံးစွဲပြီး မခေါ်ယူ ချင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့က ခက်ခဲနေပါတယ်။
လက်ရှိမှာ အသက်(၂၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဒီပိုင်းဟာ လီဝန်ဒေါစကီး ဖာတီ ဖယ်ရန်တောရက်စ် ရာဖင်ညာ ဒမ်ဘီလီတို့လို တိုက်စစ်သမား ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာ တိုက်စစ်မှာ ပုံမှန်ကစားခွင့် ရရှိဖို့ ရုန်းကန်နေရပါတယ်။
သူရဲ့ လက်ရှိစာချုပ်ကိုလည်း အသင်းဘက်က ထပ်မံ သက်တမ်းတိုးသွားတော့မှာ မဟုတ်တာကြောင့် အသင်းနဲ့ လမ်းခွဲရဖို့ အခြေအနေ များလာခဲ့ရပါတယ်။
ဒီပိုင်းဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်ထိ ပါဝင် ခဲ့ရပြီး အမေရိကန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ သွင်းဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
PSV မန်ချက်စတာယူနိုက်တက် လိုင်ယွန်တို့မှာ ကစားခဲ့ဖူးသူ ဒီပိုင်းဟာ ဒီရာသီမှာတော့ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၃)ပွဲသာ ကစားထားခဲ့ရပါတယ်။