တိုက်စစ်မှုးသစ် လိုနေတဲ့ မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ရဲ့ ကာလရှည် ပစ်မှတ်ကို ခေါ်ယူဖွယ် ရှိလာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဂျုဗင်တပ်စ် အသင်းကနေ ထွက်ခွာသွားဖို့ ပြင်ဆင်နေတဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ အတွက် အလေးအနက်ထား ကြိုးပမ်းလာဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။ ဗလာဟိုဗစ် ဟာ အာဆင်နယ် တောက်လျောက် ချိတ်ဆက်ခဲ့သူ ဖြစ်ပါတယ်။

အသက်(၂၂)နှစ်အရွယ် ဖီအိုရင်တီးနား ကစားသမားဟောင်း ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားကနေ ဂျုဗင်တပ်စ်ကို မပြောင်းရွှေ့ခင်ကတည်းက ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ ပစ်မှတ်ကစားသမားတစ်ဦး ဖြစ်ခဲ့ရပြီး အခုလည်း ဂျုဗင်တပ်စ်ကို ရောက်ရှိပြီး သိပ်မကြာခင်မှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်လာခဲ့ပါတယ်။

ဗလာဟိုဗစ်ဟာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း အသင်းဘဏ္ဍာရေး မတည်ငြိမ်မှုတွေနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာထားခဲ့ရမှုတွေကြောင့် အသင်းနဲ့ လမ်းခွဲချင်နေတာ ဖြစ်ပါတယ်။

ဒီလို အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်လာခဲ့တဲ့ ဆာဘီးယား တိုက်စစ်ကစားသမားလေး ဗလာဟိုဗစ်ကို ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ် ချယ်လ်ဆီး အာဆင်နယ်အသင်းတွေ အပြင် ယူနိုက်တက်အသင်းဟာလည်း စိတ်ဝင်စားလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကပဲ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အဓိက ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းကနေ လက်လွတ်ထားခဲ့သလို ဆန်ချိုကလည်း အရင်လို ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် တိုက်စစ်ပိုင်း အားပြန်ဖြည့်ဖို့ လိုအပ်နေတာကြောင့် ဗလာဟိုဗစ်ကို ပစ်မှတ်ထား လာနိုင်တယ်လို့ အီတလီသတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

လတ်တလောမှာလည်း ယူနိုက်တက်အသင်းဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲထဲ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ နယ်သာလန် ကစားသမားလေး ကိုဒီဂက်ပိုကိုလည်း အလိုရှိနေတယ် ဆိုပေမယ့် ဂက်ပိုက တောင်ပံနဲ့ နောက်ချန် တိုက်စစ်နေရာတွေမှာ ပိုပြီး ကစားတတ်သူဖြစ်လို့ အသင်းအတွက် တကယ် လိုအပ်နေတဲ့ အထောင်တိုက်စစ်နေရာအတွက် အသင့်တော်ဆုံးဖြစ်သော ဗလာဟိုဗစ်ကိုသာ ပိုမို ကြိုးပမ်းလာဖွယ် ရှိနိုင်ပါတယ်။