မန်ယူကိုပဲ ရွေးမယ့် ဂတ်ပို၊ အသင်းပြောင်းလိုတဲ့ ပူလီဆစ်၊ ဆက်ရှိနေမယ့် ဆောက်ဂိတ်နဲ့ ညနေခင်း ဘောလုံး သတင်းများ

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် နည်းပြ ဆောက်ဂိတ် ကို ၂၀၂၄ ယူရို ပြိုင်ပွဲ အထိ ဆက်လက် တာဝန်ပေးသွားဖို့ စဉ်းစား နေပြီလို့ သိရပါတယ်။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ရီးရဲ အသင်း လေ့ကျင့်ရေးကွင်းမှာ ၂ ရက် လေ့ကျင့် အပြီးမှာတော့ ဒူဘိုင်းသို့ ထွက်ခွာ သွားပြီလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လာမယ့် ဇန်နဝါရီမှာ ကိုဒီဂတ်ပို ကို စတင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။ ဂတ်ပိုကို လီဗာပူးကလည်း ချိတ်ဆက်နေပေမယ့် ကစားသမားကတော့ မန်ယူသို့ ပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။

နယူးကာဆယ် ကတော့ နာပိုလီ မှာ အခုရာသီ ခြေစွမ်းပြ နေပြီး ကာဗရာဒိုနာ လို့ နာမည်ပြောင်ပေးခံ ထားရတဲ့ ခါဗာရက်စ် ခီလီယာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဝုဗ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် က အရောင်းစာရင်း တင်ထားတဲ့ ညာနောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာ ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ အမေရိကန် တိုက်စစ်သမား ပူလီဆစ် ကို မန်ယူ၊ အာဆင်နယ်နဲ့ နယူးကာဆယ် တို့က ချိတ်ဆက်နေပြီး ပူလီဆစ်ကလည်း ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်ပြီး အပြောင်းအလဲတွေကလည်း မြန်ဆန်တယ် လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရမယ့် ပြင်သစ် လက်ရွေးစင် အသင်းမှာ ဖျားနာသူတွေ ပိုများလာတယ်လို့ သိရပါတယ် ။ ပြင်သစ် ဟာ ကာတာ ကမ္ဘာ့ဖလား ကွင်းတွေ ထဲက လေအေးပေးစက်တွေ ကို ဒီဖျားနာမှုတွေ အတွက် အပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အူပါမီကာနို၊ ကိုနာတေး၊ ဗာရန်း၊ ကိုးမန်း တို့ဟာ ဖျားနာ နေကြတာကြောင့် လေ့ကျင့်မှု မပြုလုပ် နိုင်ခဲ့ကြဘူးပါဘူး။

ချဲလ်ဆီး အသင်းဟာ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်းနဲ့ ပါဝင် ကစားနေတဲ့ နောက်ခံ အစွန်လူ နာဟူး မိုလီနာ ကို စောင့်ကြည့် နေပြီး အင်တာ နောက်ခံလူ ဒမ်ဖရိုင်းစ် နဲ့ အတူ ခေါ်ယူနိုင်ဖို့ စိတ်ကူးနေတယ် လို့ သိရပါတယ်။