စီ ရော်နယ်ဒို ကို အမှန်တကယ် ကမ်းလှမ်းထားတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် ကလပ်
မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို ပရီးမီးယားလိဂ် ကလပ် တစ်သင်းကတော့ စတင် ကမ်းလှမ်းလာပြီ ဖြစ်ပါတယ်။
နယူးကာဆယ် အသင်းက ရော်နယ်ဒို ကို ကာလတို စာချုပ်ကမ်းလှမ်းခဲ့ပြီး ယခုရာသီကုန်အထိ အသင်းအတွက် ကစားပေးစေချင်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နိုဝင်ဘာလမှာ ရော်နယ်ဒို ရဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်ဟာ ယခုရာသီကုန်အထိ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်မယ့်အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သတင်းထောက် ရိုမန်နိုက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
နယူးကာဆယ် ယူနိုက်တက်ဟာ ရော်နယ်ဒို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့်လည်း လက်ရှိမှာ ပေါ်တူဂီ တိုက်စစ်မှူးက ဆော်ဒီ အာရေဗျကလပ် အယ်လ်နက်ဆာနဲ့လည်း သတင်း ထွက်နေပါတယ်။

“ ရော်နယ်ဒို ရရှိထားတဲ့ စစ်မှန်တဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှုက အယ်လ်-နက်ဆာပါ။ သူတို့တွေ သူ့ကို နွေရာသီ တည်းက ခေါ်ယူချင်ခဲ့ပြီး ကမ်းလှမ်းထားတဲ့ ငွေပမာဏက ယူရိုသန်း ၂၀၀ ပါ။ အဲဒါက ထူးဆန်းပါတယ်။ ၂ နှစ်ခွဲ စာချုပ်ပါ။
ရော်နယ်ဒို ရဲ့ ပထမဦးစားပေးက ဥရောပမှာ ဆက်နေပြီး ကစားဖို့ပါ။ ဒါပေမယ့် အခုတော့ ဥရောပက ဘယ်အသင်းကမှ သူ့ကို ခိုင်ခိုင်မာမာ ချဉ်းကပ်လာတာမရှိခဲ့ပါဘူး။ အခုအချိန်မှာ အယ်လ်-နက်ဆာက သူ့အတွက် ရှိနေတဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းပဲ။
ဒါ့အပြင်ဆို နယူးကာဆယ် တစ်သင်းပဲရှိတယ်။ ဘာလို့လဲဆိုတော့ သူ ဇွန်လအထိ နယူးကာဆယ် မှာ ကစားပြီး အယ်-နက်ဆာကို သွားလို့ရတယ်ဆိုတဲ့ အတွေးကြောင့်ပါ။ ဒါပေမယ့် အဲဒီအပြောင်းအရွှေ့က ပျက်ပြယ်သွားပြီလို့ ကျွန်တော် ထင်တယ်”
“သူ စာချုပ် မချုပ်ခင်မှာ တခြားဖြေရှင်းနည်းတွေ ရောက်လာမလားဆိုတာက ကျွန်တော် မသိပါဘူး။ အခုအချိန်မှာ ဒူဘိုင်းက အာရပ်အသင်းတွေလိုမျိုးကပဲ ရွေးချယ်စရာရှိနေတာပါ။ ဥရောပမှာတော့ သူ လိုချင်သလိုမဖြစ်သေးဘူး။ စပို့တင်းလစ္စဘွန်းကတော့ ဟုတ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အဆင်သင့်ပါပဲ။
ဒါပေမယ့် အယ်လ်-နက်ဆာနဲ့ တခြားအာရပ်ကလပ်တွေဆီကနေ သူ ရနိုင်တဲ့ စီးပွားဖြစ်ကမ်းလှမ်းမှုမျိုးတော့ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။