သိပ်လိုချင်ခဲ့တဲ့ ကမ္ဘာ့ဖလား လက်ထဲ ရောက်လာချိန်မှာ မယုံနိုင်သလို ဖြစ်နေသေးတဲ့ မက်ဆီ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရကာ ကမ္ဘာ့ဖလားအား ဆွတ်ခူးနိုင်ခဲ့တဲ့ အပေါ် အခုချိန်အထိ မယုံကြည်နိုင်သေးကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ညက အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ပထမပိုင်းမှာတင် ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် မိနစ် ၉၀ အတွင်း ပွဲပြတ်သွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် အမ်ဘာပေရဲ့ ရုန်းအားနဲ့ အတူ ပြင်သစ်က ပွဲချိန် ၈၀မိနစ်နဲ့ ၈၁မိနစ်တို့မှာ အဖိုးတန် ချေပဂိုးတွေ ရရှိခဲ့ပြီး ပွဲကလည်း အချိန်ပိုအထိ ရောက်ခဲ့ပါတယ်။

အချိန်ပို ဆက်ကစားရာမှာလည်း မက်ဆီက အာဂျင်တီးနား အတွက် နောက်ထပ် ဦးဆောင်ဂိုး တဂိုး ထပ်သွင်း ပေးခဲ့ပေမယ့် အမ်ဘာပေကပဲ ပြင်သစ်အတွက် နောက်ထပ် ချေပဂိုး တဂိုး ထပ်သွင်းခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

င်နယ်တီ အဆုံးအဖြတ် ခံယူရမှာတော့ ပြင်သစ်ဘက်က ကန်သွင်းတဲ့ ကိုးမန်းနဲ့ ချူအာမီနီတို့ ပင်နယ်တီ လွဲခဲ့တာကြောင့် အာဂျင်တီးနားဟာ ကမ္ဘာ့ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားအား ရယူနိုင်ခဲ့ပြီးနောက် မက်ဆီက သူဟာ ကမ္ဘာ့ဖလား ရခဲ့တဲ့ အပေါ် အခုထိ မယုံနိုင်သေးဘူးလို့ ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

မက်ဆီက – “ကျွန်တော့်မှာ ကမ္ဘာ့ဖလားကို ရရမယ် ဆိုတဲ့ အိမ်မက်မျိုး ရှိခဲ့ပါတယ်။ ကျွန်တော်က ကမ္ဘာ့ဖလားကို အရမ်း လိုချင်ခဲ့တာပါ။ အခုတော့လည်း ကမ္ဘာ့ဖလား ရသွားတာကို မယုံနိုင်သလို ဖြစ်နေမိတယ်ဗျာ။ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြီးတော့ ကျွန်တော်တို့ ကမ္ဘာ့ဖလား ရမယ် ဆိုတာကို ယုံကြည်ပေးခဲ့ကြတဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က အာဂျင်တီးနားသားတွေ စုစုစည်းစည်း ရှိနေမယ် ဆိုရင် လိုချင်တဲ့ အောင်မြင်မှုတွေ ယူနိုင်တယ် ဆိုတာကို နောက်ထပ်တကြိမ် ထပ်ပြီး သက်သေပြနိုင်ခဲ့ပါပြီ။

ကျွန်တော်တို့ ကစားသမားတွေ အားလုံးရဲ့ စိတ်ထဲမှာ တူညီတဲ့ အရာတခုပဲ ရှိပါတယ်။ အဲ့ဒါကတော့ ခွန်အားအကုန် သုံးပြီး အာဂျင်တီးနား ပြည်သူတွေ အတွက် ကမ္ဘာ့ဖလား ယူပေးဖို့ပါပဲ။ အခုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။