အာဂျင် ဂိုးသမား မာတီနက်ဇ် က ဘာလို့ ရွှေလက်အိတ် ဆု ယူပြီး ကော့ပြ အောင်ပွဲခံခဲ့တာလဲ

အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ် က ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုပေးချိန်မှာ ရွှေလက်အိတ် ဆု ကို လက်ခံယူပြီးနောက် အံ့အားသင့်ဖွယ် ကော့ပြခဲ့တဲ့ သူ့ရဲ့ အပြုအမူ အပေါ် ဖြေရှင်းချက် ပေးခဲ့ပါတယ်။

မာတီနက်ဇ် ဟာ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ပင်နယ်တီ အဆုံးအဖြတ်စွမ်းဆောင်ရည်ကို ပြသခဲ့တာ ဖြစ်ပြီး အချိန်ပိုမှာ မူအာနီရဲ့ အပိုင်ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့တဖြစ်ပါတယ်။

စင်မြင့်ပေါ်မှာ ဆုလက်ခံရယူပြီးနောက် အသက် ၃၀ အရွယ် ဂိုးသမားက ရွှေလက်အိတ်ဆုကို ပေါင်ခြံနားကို နှိမ့်ပြီး ပရိသတ် အုပ်စုရှိရာဘက်ကို ကော့ပြခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ပြင်သစ်အသင်းပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ရရှိခဲ့တာကြောင့် တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ အာဂျင်တီးနား ရေဒီယိုဌာန La Red ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အဲဒါကို လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ပြင်သစ်တွေက ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြလို့ပါ။ ဂုဏ် သိက္ခာ က ကျွန်တော့်အတွက် အလုပ် မဖြစ်ပါဘူး” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ် အပြုအမူက ပွဲအပြီးမှာတင်မဟုတ်ခဲ့ဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန်မှာလည်း ဖြစ်ပျက်ခဲ့ပြီး ကင်းစလေ ကိုမန်းရဲ့ ကန်သွင်းကို ကာကွယ်နိုင်ခဲ့ပြီးနောက် အာဂျင်တီးနားဂိုးသမားဟာ ပုခုံးတွန့်ကပြပြီး ပြင်သစ်အသင်း ပရိသတ်တွေရဲ့ ဒေါသကို ဆွခဲ့သေးတာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ အာဂျင်တီးနားအသင်းဖော်တွေကို ပြင်သစ် တိုက်စစ်မှူးအတွက် တစ်မိနစ် ငြိမ်သက်ပေးဖို့ တောင်းဆိုခဲ့ပြီး အမ်ဘာပေကို လှောင်ပြောင်ခဲ့သေးတာဖြစ်ပါတယ်။