ဂိုးသမား ဒီဂီယာ ရဲ့ အနာဂတ် အတွက် မန်ယူနဲ့ နည်းပြ တန်ဟက်က ဆုံးဖြတ်ချက် ချနှင့်ပြီးပါပြီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာကို သူ့ရဲ့ လက်ရှိ ရှိနေတဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂျွန်လမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်ပြုဖို့အတွက် စဉ်းစားလျက်နေကြောင်း သိရပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဒီဂီယာရဲ့ စာချုပ်သက်တမ်းဟာ လက်ရှိရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး မန်ယူအသင်း အနေနဲ့ နောက်ထပ် ၁၂ လ ထပ်မံသက်တမ်းတိုးခွင့်ရှိနေပါတယ်။

အခြားယူနိုက်တက်ကြယ်ပွင့်တွေဖြစ်ကြတဲ့ မားကပ် ရက်ရှ်ဖို့ဒ်၊ ဒီယေဂို ဒါးလော့၊ လုခ်ရှော၊ ဖရက်ဒ်၊ ဖိးလ်ဂျုန်းစ်၊ တွန်ဟတ်တန်တို့အနေနဲ့လည်း အလားတူအခြေအနေမျိုး ကြုံနေကြပါတယ်။

မန်ယူအသင်းအနေနဲ့ ဒီဂီယာနဲ့ ရေရှည်ဆက်သွားဖို့ မရှိတော့တာကြောင့် ယခုရာသီအကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မိုချန်ဂလာဘတ်ဂိုးသမားဖြစ်သူ ယန်ဆွန်မာကို စိတ်ဝင်စားလျက်ရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ်ထားပါတယ်။

Sky Sports Germany ရဲ့ ဖော်ပြချက်အရတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဂီယာရဲ့ စာချုပ်သက်တမ်းကို နောက်ထပ် ၁၂ လ ထပ်မံသက်တမ်းတိုးသွားမာ မဟုတ်ပဲ နည်းပြ အဲရစ် တန်ဟက် ‌လိုချင်နေတဲ့ မော်ဒန်ဂိုးသမားတစ်ဦးကို လာမယ့်နွေမှာ ခေါ်ယူပေးသွားမှာ ဖြစ်ပါတယ်။

အသင်းရဲ့ လုပ်ခလစာအများဆုံး ကစားသမားဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ နှစ်ဦးသဘောတူညီမှုနဲ့ စာချုပ် ဖျက်သိမ်းကာ ထွက်သွားပြီဖြစ်တာကြောင့် လက်ရှိမန်ယူအသင်းမှာ လခအများဆုံးက ‌တစ်ပတ် ပေါင် ၃၇၅,၀၀၀ ခန့် ပေးနေရတဲ့ ဒီဂီယာဖြစ်နေပါတယ်။

ဒါကြောင့် မန်ယူအသင်းအနေနဲ့ ဒီဂီယာကို ကာလရှည်စာချုပ်သစ် ထပ်ချုပ်ဖို့ဆိုတာမဖြစ်နိုင်ပဲ၊ အကယ်၍ ထပ်ချုပ် ဖြစ်ရင်တောင် ဒီဂီယာအနေနဲ့ လုပ်ခလစာပမာဏကို သိသိသာသာလျှော့ယူရမာဖြစ်ပါတယ်။

ဒီဂီယာရဲ့ လက်စွမ်းဟာ မေးခွန်းထုတ်စရာမဟုတ်ပေမယ့်၊ အသင်းရဲ့ ကစားကွက်ပါဝင်မှုအပိုင်းမှာတော့ ဒီဂီယာဟာ မေးခွန်းထုတ်ခံထားရပါတယ်။