လီယွန်နယ် မက်ဆီ အောင်မြင်နေချိန်မှာ ခရစ္စတီယာနို ရော်နယ်ဒို က ဘာလို့ ကျရှုံးနေရသလဲ

ဂျာမနီ ဂန္တဝင် ကစားသမားနဲ့ နည်းပြဟောင်းကြီး မက်သူးရပ်စ် က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လီယွန်နယ် မက်ဆီ အောင်မြင်ခဲ့သလောက် ခရစ္စတီယာနို ရော်နယ်ဒို ကျရှုံးခဲ့ရတဲ့အပေါ်မှာ ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးပြိုင်ပွဲမှာ အကြီးကျယ် အခမ်းနားဆုံးကစားသမား ၂ ဦးကို ပရိသတ်တွေ နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ ပြိုင်ပွဲလည်း ဖြစ်နိုင်ခြေရှိပြီး အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ မန်ယူနိုက်တက်ကနေ အငြင်းပွားဖွယ်ထွက်ခွာပြီးနောက် ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ် အင်တာဗျူးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရတာဖြစ်ပြီး နိုင်ငံအသင်း ပေါ်တူဂီနဲ့လည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး။

ကမ္ဘာ့ဖလား ကာလ အစောပိုင်း ကာလမှာ ရော်နယ်ဒိုက ပီးယာ့ဇ် မော်ဂန်နဲ့ အင်တာဗျူး ထွက်ပေါ်လာပြီး ပွဲဆူ စေခဲ့သလို ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက်နဲ့လည်း စာချုပ်ဖျက်သိမ်းရသည်ထိ ကိစ္စကြီး ဖြစ်သွားခဲ့ပါတယ်။

ဒီလို အရေးပါတဲ့ ပြိုင်ပွဲကာလမှာ ရော်နယ်ဒို လုပ်ရပ်တွေက မမှန်ကန်ခဲ့ဘူး လို့ မက်သူးရပ်စ် က ယူဆထားပါတယ်။

” သူ့ အတ္တက သူ့ကို ကျရှုံးသွားစေခဲ့တာပါ။ ရော်နယ်ဒို က သူ့ကိုယ်သူ ရော အသင်းကိုပါ ထိခိုက်စေခဲ့တယ်။ သူက ကစားသမားကောင်း တစ်ယောက် ဆိုတာ သံသယ မရှိပါဘူး၊ အဆုံးသတ်လည်း သိပ်ထက်တဲ့သူပါ။ ဒါပေမယ့် သူက အခု သူ့ရဲ့ လူလေးစားခံရတဲ့ အနေအထားကို ပျက်ယွင်းစေခဲ့ပြီ။

သူက အသင်း တစ်သင်းမှာ တစ်နေရာ ရပါ့မလားလို့တောင် စဉ်းစားနေရပြီ။ သူ့ အတွက် စိတ်လည်း မကောင်းပါဘူး။ ရော်နယ်ဒို က ဒီကမ္ဘာ့ဖလားမှာ အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရတာ၊ မက်ဆီနဲ့ ဆန့်ကျင်ဘက်ပေါ့။

မက်ဆီကတော့ လုံးဝ အောင်နိုင်သူ ဖြစ်သွားတယ်။ ထိုက်လည်း ထိုက်တန်ပါတယ်။ မက်ဆီက ကျနော်ရော ဘောလုံး ပရိသတ်တွေကိုရော သူ့ အရည်အချင်းနဲ့ ပျော်ရွှင်အောင် လုပ်ပေးနိုင်သူပါ။

သူ ၁၇-၁၈ နှစ်လောက် ကစားလာတဲ့ ပုံစံ အတိုင်းပဲ။ ကျနော့် အတွက်တော့ မက်ဆီက ရာစုနှစ် တစ်ခုစာ အတွက်တောင် အကောင်းဆုံး ကစားသမားပဲ။ ” လို့ မက်သူးရပ်စ် က ပြောဆိုခဲ့ပါတယ်။