မန်ယူအသင်းဆီ ပြောင်းလာခဲ့ပါကွာ လို့ ဖာဒီနန် ကိုယ်တိုင် လေပြည်ထိုးပြီး စည်းရုံးနေရတဲ့ ကစားသမား

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန် က ခြေစွမ်းပြနေတဲ့ ဒေါ့မွန် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ် ကို အင်္ဂလန်ဆီ ပြန်လာဖို့၊ ယူနိုက်တက် အတွက် ကစားပေးဖို့ တောင်းဆိုသွားခဲ့လိုက်ပါတယ်။

ကလပ်နဲ့ နိုင်ငံ့ အသင်း အင်္ဂလန် အတွက် ပုံစံကောင်းတွေ ဆက်တိုက် ပြသထားနိုင်ခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် ဒေါ့မွန် ကြယ်ပွင့်လေးကို ဥရောပ ထိပ်သီး ကလပ်တွေက စိတ်ဝင်စားနေခဲ့ကြပါတယ်။ အဲ့ဒီထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းလည်း ပါဝင်နေတာပါ။

ဘယ်လင်ဟမ် ဟာ ဘာမင်ဂမ် အသင်းအတွက် ကစားခဲ့စဉ် ၂၀၂၀ ခုနှစ်တုန်းက ကာရင်တန် လေ့ကျင့်ရေး ကွင်းထဲ လာရောက် လေ့ကျင့်ခဲ့ဖူးပြီး အဆိုပါ အချိန်က ယူနိုက်တက်တို့ စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်လင်ဟမ် က ဒေါ့မွန် အသင်းဆီ ပေါင် ၂၅ သန်းနဲ့ ရောက်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ဂျာမန်မြေမှာ သူဟာ အလျင်မြန်ဆုံး တိုးတက်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမား တစ်ဦး ဖြစ်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာ သူ့ကို ခေါ်ယူနိုင်ဖို့ လီဗာပူးနဲ့ ရီးယဲ မက်ဒရစ် အသင်းတွေက သတင်းအကြီးဆုံး ဖြစ်နေခဲ့ကြပြီး ယူနိုက်တက် ကတော့ နောက်မှာပဲ ရှိနေခဲ့ရပါတယ်။

သရဲနီဟောင်းကြီး ရီယို ဖာဒီနန် ကတော့ အင်္ဂလန်သားကို ယူနိုက်တက်ဆီ ပြောင်းလာစေချင်နေခဲ့ပြီး ဘယ်လင်ဟမ် က မန်ယူ အသင်းကို အရင်လို ဖြစ်နိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ရေ ၊ သူ့ကို ဒီနေရာ ခေါ်လာလိုက်ပါ ။ ဂျုဒ်ရေ မင်းလည်း ဒီနေရာကို ကိုယ့်အိမ်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါ ။ မင်း ဒီကို လာရောက်ပြီး အသင်းရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲရင်း ဒီအသင်းကို ရှိသင့်ရှိထိုက်တဲ့ နေရာ တစ်ခုဆီ ခေါ်ဆောင်လိုက်စမ်းပါ ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

လာမယ့် ဇွန်လမှ အသက် ၂၀ ပြည့်မြောက်မှာဖြစ်တဲ့ ဂျုဒ် ဘယ်လင်ဂမ်ဟာ ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ပွဲစဉ်တိုင်း ကစားပေးခွင့်ရရှိခဲ့ပြီး တည်ငြိမ်တဲ့ ပုံစံကောင်းတွေ ဆက်တိုက် ပြသထားနိုင်ခဲ့ပါတယ်။