အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား အောင်ပွဲခံမှု က ပွဲပျက်ပြီး ကစားသမားတွေကို ဟယ်လီကော်ပတာနဲ့ ခေါ်ထုတ်ခဲ့ရ

အာဂျင်တီးနား ရဲ့ ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံလှည့်လည်မှုဟာ ကစားသမားတွေကို ဟယ်လီ ကော်ပတာနဲ့ ခေါ်ထုတ်ခဲ့ရတာကြောင့် ပွဲပျက်ခဲ့ရပါတယ်။

ဗွေနိုး ဇာရီစ်မြို့မှာ ထိန်းမနိုင်သိမ်းမရ အောင်ပွဲခံမှုတွေဟာ ပရိသတ်တွေက တံတားပေါ်ကနေ အာဂျင်တီးနားအသင်းရဲ့ အမိုးဖွင့် ဘတ်စ်ကားပေါ်ကို ခုန်ချခဲ့ချိန်မှာ ပိုလို့တောင် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပရိသတ်တစ်ဦးဟာ ခုံးကျော်တံတားပေါ်ကကနေ ဘတ်စ်ကားပေါ်ကို ခုန်ချခဲ့တာကို မြင်တွေ့ခဲ့ရပြီး ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကားပေါ်ကို ခုန်ချခဲ့တဲ့ အာဂျင်တီးနား ပရိသတ်ဟာ ခြေချော်ပြီးတော့ ဘတ်စ်ကားပေါ်ကနေ နောက်လန်လဲကျခဲ့ပြီးနောက် လူပင်လယ်ထဲကို ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုထဲမှာလည်း တစ်စုံတယောက်ကို ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျခဲ့တဲ့လူပဲလားဆိုတာကိုတော့ မသိရသေးတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားနဲ့ အောင်ပွဲခံလှည့်လည်မှုဟာ ဝရုန်းသုန်းကားအခြေအနေ ဖြစ်သွားခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တဲ့အချိန်မှာ ပရိသတ်တွေက လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် သတင်းရင်းမြစ်တွေပြောတာကတော့ ရော်နယ်လ်ဒို ပရိသတ်က သူ့အတွက် ကမ္ဘာ့ဖလားကို ခိုးပေးဖို့ ကြိုးပမ်းတာလို့ သိရပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ဟာသဖောက်ခဲ့ပြီး နောက်ထပ် တွစ်တာ အသုံးပြုသူတစ်ဦးကလည်း “သူတို့အတွက် ဒီလိုထိုင်ခုံတွေနဲ့ပတ်သက်ပြီး ပြန်စဉ်းစားရမယ့်အချိန်လို့ ထင်တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရလဒ်အနေနဲ့ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲခံလှည့်လည်မှု အစီအစဉ်ကို ရပ်တန့်ခဲ့ရပြီး ဘတ်စ်ကားနဲ့ ရှေ့ဆက် သွားလို့မရဘဲ ပိတ်မိနေတာကြောင့် ဟယ်လီကော်ပတာနဲ့ နေရာကနေ စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

“အာဂျင်တီးနားဘေားလုံးအသင်း ကစားသမားတွေဟာ မြို့ထဲမှာ စုဝေးနေတဲ့ ပရိသတ်အုပ်စုကြီးကို ဟယ်လီ ကော်ပတာနဲ့ ကျော်လွှားပြီး လှည့်လည်အောင်ပွဲခံမှုကို အဆုံးသတ်ခဲ့ပါတယ်။ သူတို့တွေ လူအုပ်ကြီးရဲ့အလယ်မှာ ဘတ်စ်ကားနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တော့ဘူးဆိုတာကို စိစစ်ပြီးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ”လို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။