ပိုင်ရှင်သစ်တွေ ရောက်လာရင် ယူနိုက်တက်က အမ်ဘာပေ ကို ဘယ်လောက်ကုန်ကုန် ပေး ခေါ်ဖွယ် ရှိနေ

ကမ္ဘာ့ဖလားကာလအတွင်းမှာ ဂလေဇာ မိသားစု ဟာ မန်ချက်စတာ ယူနိုက်တက်ကို ဈေးကောင်းကောင်းနဲ့ ရောင်းထုတ်နိုင်ဖို့ အာရပ်တွေဆီကို ခြေဦးတည်လာခဲ့သလို အာရပ်စော်ဘွားတွေကလည်း နာမည်ကျော် ဘောလုံး အသင်း ပိုင်ရှင်တွေ ဖြစ်ဖို့ ကြိုးစားနေချိန်နဲ့ ကွက်တိဖြစ်နေတာကြောင့် မကြာခင်မှာ ဒီအရောင်းအဝယ်ဟာ ပြီးမြောက်လာဖွယ် ရှိနေပါတယ်။

အခုနောက်ဆုံး (၁၀)စုနှစ်တစ်ခုအကြာမှာ အာရပ် ရေနံသူဌေး တွေကြားထဲ ဘောလုံးအသင်းပိုင်ရှင်ဆိုတဲ့ နာမည်ဟာ ရေပန်းစားလာခဲ့ပါတယ်။

လက်ရှိမှာ ကာတာအစိုးရဟာ ပီအက်စ်ဂျီ အသင်းကို ပိုင်ဆိုင်ပြီး၊ ဆော်ဒီအစိုးက နယူးကာဆယ် နဲ့ အဘူဒါဘီ စော်ဘွားတွေက မန်စီးတီးကို ပိုင်ဆိုင်ထားတာကြောင့် အာရပ်တွေအလယ်မှာ မျက်နှာမငယ်ရအောင် ဒူဘိုင်းမင်းသားက ယူနိုက်တက်ကို ဝယ်ယူလိုတာဖြစ်တယ်လို့လည်း Arab News က ဆိုပါတယ်။

ဂလေဇာတွေက ယူနိုက်တက် ကို ပြန်လည်ရောင်းချမယ်ဆိုပြီး တရားဝင်ကြေငြာခဲ့ကာ ဈေးကွက်တင်ဖို့ လုပ်ဆောင် လာကတည်းက ကမ္ဘာအနှံက စီးပွားရေးအဖွဲ့စည်တွေနဲ့ ဘီလျှံနာတွေဟာ ဝယ်ယူဖို့ အပြိုင်ဆိုင်ကမ်းလှမ်းခဲ့ကြပါတယ်။

ဒူဘိုင်းအိမ်ရှေ့မင်းသားဟာလည်း ယူနိုက်တက် ပိုင်ရှင် ဖြစ်လာဖို့ စိတ်အားထက်သန်နေပြီး ဝယ်ယူရေးကို အားသွန် ခွန်စိုက် ကြိုးပမ်းနေသလို ယူနိုက်တက် အသင်းပိုင်ရှင် ဖြစ်လာနိုင်သူတွေထဲမှာ ထိပ်ဆုံးစာရင်းမှာရပ်တည်နေပါတယ်။

ဒူဘိုင်းအိမ်ရှေ့မင်းသားဟာ ဒူဘိုင်းကော်ပိုရေးရှင်း ရဲ့ ဥက္ကဌဖြစ်သလို ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှုး အမ်ဘာပေ ကိုလည်း အလွန် သဘောကျသူဖြစ်တယ်လို့ အာရပ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဒူဘိုင်းမင်းသားက ယူနိုက်တက်ကိုဝယ်ယူဖြစ်ခဲ့မယ်ဆိုရင် အသင်းရဲ့ ကစားသမား အင်အားစုကို ထပ်မံ ဖြည့်တင်းမှု လုပ်လာခဲ့ချိန်မှာ ပထမဆုံးခေါ်ယူမှုဟာ အမ်ဘာပေ ဖြစ်လာလိမ့်မယ်လို့ သတင်းတွေကဆိုပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ရီးရဲလ်နဲ့အပြောင်းအရွှေ့ပျက်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့ပေမယ့် အမ်ဘာပေဟာ အသင်းရဲ့ လုပ်ပိုင်ခွင့်တွေကို အလွန်အမင်း ချိုးဖောက်မှုတွေ ရှိနေတယ် သတင်း ထွက်နေပါတယ်။

ဘာပေဟာ အဝတ်လဲခန်းထဲမှာ ကစားသမားတွေကြား စိတ်ဝမ်းကွဲစရာတွေ မကြာခဏ ဖြစ်ပျက်နေတာတွေကြောင့် အသင်းမှာ အဆင်မပြေမှုတွေဖြစ်နေသူပါ။

အခုကမ္ဘာ့ဖလားမှာလည်း အမ်ဘာပေတို့ ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့တွေ့ဆုံခဲ့ပြီး မက်ဆီတို့ အသင်းကို ရှုံးနိမ့်ခဲ့တာကလည်း မက်ဆီ ဦးဆောင်တဲ့ တောင်အမေရိကသားတသိုက်နဲ့ အမ်ဘာပေ ဦးဆောင်တဲ့ ဥရောပသားတွေကြားမှာ ထိပ်တိုက်တွေ့လာအုံးမယ့် အရေးကိစ္စတွေပါပဲ။

ပီအက်စ်ဂျီ အသင်းအတွက်လည်း ဒီကစားသမားနှစ်ဦးရဲ့ပြိုင်ဆိုင်မှုဖြစ်လာမယ့်ကိစ္စဟာ ခေါင်းခဲစရာဖြစ်လာတော့မှာ သေချာသလို မက်ဆီသာ စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ ဆက်ရှိခဲ့မယ်ဆိုရင် ဒီတစ်ကြိမ်မှာတော့ ဘာပေ ကို လက်လွှတ်ရဖို့ရှိလာနိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း ပိုင်ရှင် ဒူဘိုင်းမင်းသားသာဖြစ်လာခဲ့မယ်ဆိုရင် လာမယ့်နွေမှာ ဘာပေကို ယူရိုသန်း(၂၀၀)ဝန်းကျင်အထိ အသုံးပြုကာ ခေါ်ယူနိုင်မယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။