ပူပူနွေးနွေး ကမ္ဘာ့ဖလား ချန်ပီယံ မက်ဆီရဲ့ တောင်းဆိုမှုကို လိုက်လျောချင်ပေမယ့် ပရိသတ်တွေ ငြိုငြင်မှာ စိုးရိမ်နေတဲ့ ပီအက်စ်ဂျီ
လီယွန်နယ် မက်ဆီ ဟာ ကမ္ဘာ့ဖလား ဆုဖလား ကို ပီအက်စ်ဂျီအသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာ ယူဆောင်လာချင် ပေမယ့်လည်း ပြင်သစ်ထိပ်သီးအသင်းကြီးက မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုတွေ ရရှိမှာကို စိုးရိမ်နေတာကြောင့် ခွင့်ပြုဖို့ တုံ့ဆိုင်းနေပါတယ်။
အာဂျင်တီးနားအသင်းက ပြင်သစ်ကို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မက်ဆီဟာ ကစားသမားဘဝတလျှောက် ကြိုးပမ်းခဲ့ရတဲ့ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ဗိုလ်လုပွဲက သွင်းဂိုး ၂ ဂိုးအပါအဝင် အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားအောင်ပွဲကြောင့် တသက်တာ အကောင်းဆုံး ကစားသမား ဆိုတဲ့ဂုဏ်ပုဒ်ကို အခိုင်အမာ ကမ္ဗည်းထိုးနိုင်ခဲ့ပြီလို့ ပရိသတ်တွေက ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားမှာ အောင်ပွဲ ခံနေတာဖြစ်ပြီး ပရိသတ်တွေကလည်း ရိုဆာရီယိုက မက်ဆီရဲ့ နေအိမ်ရှေ့ထိ လာရောက် အောင်ပွဲခံ နှုတ်ဆက် ခဲ့ကြပါတယ်။
လီယွန်နယ် မက်ဆီဟာ ပြင်သစ်ကို ပြန်လာတဲ့အချိန်ကျရင် ကမ္ဘာ့ဖလားကြီးကို ပီအက်စ်ဂျီအိမ်ကွင်းကို ယူဆောင် လာချင်နေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ လာမယ့်အိမ်ကွင်းပွဲစဉ်မတိုင်ခင် ပြသထားဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိဆိုတာကို အသင်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ မက်ဆီ ယူဆောင်လာမယ့် ကမ္ဘာ့ဖလားကြီးဟာ ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းက ပြင်သစ်တွေကို အနိုင်ယူပြီး ရရှိခဲ့တဲ့ ဆုဖလားဖြစ်နေတာကြောင့် ယူဆောင်လာခွင့်ပေးဖို့ တွေဝေနေပြီး တုံ့ပြန်မှုတွေက အဆိုးဘက်က ဖြစ်လာမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းသားတွေဟာ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုရရှိခဲ့တဲ့ မက်ဆီရဲ့ ပီအက်စ်ဂျီ အသင်းဖော် ခီလီယန် အမ်ဘာပေကို ပွဲအပြီးကတည်းက တောက်လျှောက် လှောင်ပြောင်မှုတွေ ပြုလုပ် ခဲ့တာကြောင့် လည်း ပီအက်စ်ဂျီအသင်းက ကမ္ဘာ့ဖလားကို ယူဆောင်လာခွင့်ပေးဖို့ကို အလေးအနက်ထား စဉ်းစား နေရတာဖြစ်ပါတယ်။