မက်ဆီကတော့ နောက်ထပ် ဘလွန်းဒီအော ဆု တစ်ဆု ထပ်ယူပြီ လို့ ဟောကိန်း ထုတ်လိုက်တဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီဝန်ဒေါစကီး က လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့ အောင်မြင်မှု ရရှိခဲ့တာကြောင့် ဘလွန်းဒီအော ဆုကို ၈ ကြိမ်မြောက် ရရှိတော့မှာ သေချာတယ်လို့ ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ပြင်သစ်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီကလည်း အကြီးမားဆုံး ကွက်လပ်တစ်ခုလည်း ဖြည့်နိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဗိုလ်လုပွဲက သွင်းဂိုး ၂ ဂိုးအပါအဝင် အာဂျင်တီးနားအတွက် စုစုပေါင်းသွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီး က မက်ဆီ ဟာ ယခုနှစ်မှာလည်း နောက်ထပ်တစ်ကြိမ် ဘလွန်ဒေါဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“တူညီတဲ့ကလပ်အသင်းအတွက် ကစားပေးနေတဲ့ နောက်ထပ် ကစားသမားတစ်ယောက် ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ဘလွန်ဒီအော ဆုကို ရရှိသွားမယ့်သူကို ဆုံးဖြတ်မယ့် ကမ္ဘာ့ဖလားရရှိသူကတော့ တစ်ဦးပဲ ရှိပြီး လီယိုက အခု ထိပ်ဆုံးအနေအထားမှာ ရှိနေတာ သေချာပါတယ်။
ဘာလို့လဲဆိုတော့ သူ ရရှိခဲ့တဲ့ အောင်မြင်မှုက သူ့အတွက် အရာအားလုံးဖြစ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေလို့ပါ။ သူ အခု အဲဒါကို ပျော်ရွှင်ခံစားနိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို အောင်မြင်မှုဆီ ဦးဆောင်မပေးခင် ပီအက်စ်ဂျီ အသင်းမှာလည်း အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပိုင်ဆိုင်နေခဲ့သူဖြစ်ပြီး ယခုရာသီ ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ယခုခြေစွမ်းကိုသာ ရာသီကုန်ထိ ဆက်လက်ပြသသွားနိုင်မယ်ဆိုရင် ဘလွန်ဒီအော ဆုကို ၈ ကြိမ်အထိ စံချိန်တင် ဆက်လက် ဆွတ်ခူးနိုင်မယ့်အနေအထားကို ဘယ်သူကမှ ရပ်တန့်နိုင်တော့မှာ မဟုတ်တာ ဖြစ်ပါတယ်။