မန်ယူနဲ့ ချဲလ်ဆီး တို့က ချိတ်နေပေမယ့် အာဆင်နယ်ကိုမှ သဘောကျတယ် ဆိုလာတဲ့ ကစားသမား
၂၀၁၉ ခုနှစ်က စပြီး အေစီမီလန် အသင်း နဲ့ အတူ တောက်ပ လာခဲ့တဲ့ လီယာအို ဟာ မန်ယူနိုက်တက် ၊ ချဲလ်ဆီး တို့ရဲ့ အဓိက ပစ်မှတ် ကစားသမား အဖြစ် သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။
လီယာအို ဟာ လိုင်လီ အသင်းကနေ အေစီမီလန် အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ပေါ်တူဂီသားက တချိန်မှာ ပရီးမီးယားလိဂ်မှာ ကစားချင်ပြီး အာဆင်နယ် ကို သဘောကျကြောင်းလည်း ဆိုလာခဲ့ပါတယ်။
ဒါပေမယ့် လီယာအို က အေစီမီလန် အသင်း နဲ့ စာချုပ် သက်တမ်းကုန်မှပဲ သူ့ရဲ့ အနာဂတ် ကို စဉ်းစား သွားမှာ ဖြစ်ပြီး သူ့ရဲ့ စာချုပ် သက်တမ်းဟာ နောက်ရာသီ အကုန်မှာ ပြည့်မှာ ဖြစ်ပါတယ်။

လီယာအို က ” အနာဂတ်မှာ ပရီးမီးယားလိဂ် မှာ ကစားချင်ပါတယ် ။ ဒါပေမယ့် အခု အချိန်မှာတော့ အေစီမီလန် အသင်း အတွက်ပဲ ရာနှုန်းပြည့် အာရုံစိုက်ထားပါတယ် ။ ကျနော် က ထိပ်တန်း အသင်း တစ်သင်းမှာ ကစားနေတာ ဖြစ်ပြီး စာချုုပ် သက်တမ်းလည်း ရှိနေပါသေးတယ် ။ ” လို့ ဆိုခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့က လီယာအို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပေါ်တူဂီသားကတော့ ချဲလ်ဆီး ရဲ့မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်းဟာ သူ နှစ်ခြိုက် သဘောကျတဲ့ အသင်း ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
” ဒီနှစ် အတွင်း ကျနော် ပွဲတွေ အတော်များများ ကြည့်ဖြစ်ပါတယ် ။ ပြောရရင် ကျနော် အာဆင်နယ် အသင်း ကို ကြိုက်ပါတယ် ၊ သူတို့ ကစားတာ အတော်လေး ကောင်းတယ်လို့ ထင်ပါတယ် ။ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီ ကြယ်ပွင့် လီယာအို ဟာ အေစီမီလန် အသင်း အတွက် သုံးရာသီဆက် ပွဲ ၄၀ နှင့် အထက် ကစားထားသူ ဖြစ်ပြီး စုစုပေါင်း ၃၅ ဂိုး သွင်းယူ ထားပါတယ်။