ရော်နယ်ဒို မန်ယူအတွက် ဆယ်တဲ့ သရေပွဲ၊ ချဲလ်ဆီးရဲ့ ခက်ခဲတဲ့နိုင်ပွဲနဲ့ အတူ နံနက်ခင်း သတင်းတိုများ

စီ ရော်နယ်ဒို ဆိုးလ်ရှားကို ကယ်ဆယ်နေတာ ၃ပွဲလောက်ရှိနေပြီ ထင်ပါတယ်။ ညက အတ္တလန္တာနဲ့ ပွဲမှာလည်း အိမ်ရှင်က ဦးဆောင်ဂိုးတွေ သွင်းတိုင်း ရော်နယ်ဒိုကပဲ ချေပဂိုးတွေ သွင်းပေးခဲ့ရတာပါ။ ပွဲပြီးခါနီး ၉၁မိနစ်မှာ ရော်နယ်ဒို အဖိုးတန်ချေပဂိုး သွင်းယူခဲ့ပြန်တာကြောင့် မန်ယူ သရေ ၁ မှတ် ရသွားခဲ့ ပါတယ်။

ရော်နယ်ဒိုက ၂၀၀၃ခုနှစ်က နစ္စတယ်ရွိုင်းပြီးနောက် မန်ချက်စတာ ယူနိုက်တက်အတွက် ၄ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ်လည်း ရော်နယ်ဒို မှတ်တမ်းဝင်ခဲ့ပါတယ်။

ချဲလ်ဆီးကတော့ အဝေကွင်းမှာ မယ်လ်မိုကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၁-ဝ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီး က ဖိကစားပြီး ဂိုးပေါက်ကန်သွင်းချက် ၂၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမဲ့ မယ်လ်မို ဂိုးသမား လက်စွမ်းပြနေခဲ့တာကြောင့် ဂိုးရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိေုတာ့ ၅၆ မိနစ်မှာ ဇီးယက်ချ်က သွင်းယူပေးခဲ့ပါတယ်။

စပါး နည်းပြသစ် ဖြစ်လာတဲ့ ကွန်တီဟာ သူသတ်မှတ်ထားတဲ့ စီးရီးအေအခြေစိုက် ကစားသမား ၆ ယောက်ကို ဝယ်ယူဖို့ စပါးဥက္ကဌ လီဗိုင်ထံ အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၂၃၇ သန်း တောင်းဆိုခဲ့တယ် လို့ သိရပါတယ်။

စူပါအေးဂျင့် ရွိုင်းအိုလာ က ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို လာလီဂါထိပ်သီးကလပ် ဘာစီလိုနာထံ ပြောင်းရွှေ့စေလိုကြောင်း သတင်းထွက်လာပါတယ်။ ရွိုင်းအိုလာက ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ဂျူဗင်တပ်၊ အေစီမီလန်၊ ဒေါ့မွန်တို့နဲ့အတူ ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် အဆန်စီရိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ကြပြီး ဒီ ၅ သင်းထဲမှာ စပိန်ကွင်းလယ် တိုက်စစ် ကစားသမားကို ရရှိဖို့ ဒေါ့မွန်က ရေပန်းစားနေပါတယ်။

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ထံကနေ ဆားဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ကို အငှားနဲ့ ခေါ်ယူခွင့်ရဖို့ ကမ်းလှမ်းမှု လုပ်သွားမှာဖြစ်သလို တိုရီနိုနဲ့ အီတလီတိုက်စစ်မှူး ဘယ်လော့တီကို ခေါ်ယူမှုလုပ်ဖို့လည်း စဉ်းစားနေပါတယ်။

ချယ်ဆီးဟာ နောဝစ်ချ်စီးတီးထံ တစ်ရာသီအငှားချထားတဲ့ ဘီလီဂေလ်မာရဲ့ အနာဂတ်ကို ဇန်နဝါရီမှာ ဆုံးဖြတ်ချက် ချသွားမှာဖြစ်ပါတယ်။