အလွဲတကာ့ ထိပ်ခေါင် ဒါဝင် နူးညက်ဇ်နဲ့ နှိုင်းယှဉ်ပြောလို့ ဒေါကန်သွားခဲ့တဲ့ မန်ယူ ဂန္တဝင် တိုက်စစ်မှုးကြီး
လီဗာပူးလ်အသင်းရဲ့ ကာရာဘောင်းဖလားပွဲစဉ် မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြောဆို သုံးသပ်ကြမှုတွေမှာ ဒါဝင် နူးညက်ဇ်နဲ့ သူ့ကို နှိုင်းယှဉ်ပြောကြလို့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်တိုက်စစ်မှူး အန်ဒီ ကိုးက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းက ၃-၂ နဲ့ ရှုံးနိမ့်ပြီး ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်မှာ ရှင်းလင်းပြတ်သားတဲ့ အခွင့်အရေး အများအပြားကို လွဲချော်ခဲ့တာဖြစ်ပြီး မိုဟာမက် ဆာလားရဲ့ ၄၈ မိနစ်က သွင်းဂိုးကိုတော့ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နူးညက်ဇ်ရဲ့ ဂိုးရှေ့မှာ အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တာတွေက ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပြီး အဲဒါကြောင့် ၁၉၉၅ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ကြား မန်ယူနိုက်တက်အတွက် ၂၄၅ ပွဲမှာ ၁၂၁ ဂိုးသွင်းယူခဲ့တဲ့ အန်ဒီ ကိုးနဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်စစ်မှူး ၂ ဦးကြား နှိုင်းယှဉ်မှုတွေဟာ ၎င်းတို့ရဲ့ ကစားဟန်နဲ့ ဆက်စပ်ပြီး နှိုင်းယှဉ်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေဟာ မန်ယူနိုက်တက်ဂန္တဝင်နဲ့ နူးညက်ဇ်တို့ကြားမှာ အပိုင်အခွင့်အရေးတွေ လွဲချော်တာ တူညီတာကို အဓိကထား နှိုင်းယှဉ်ခဲ့ပေမယ့်လည်း သွင်းဂိုးအရေအတွက်ကိုတော့ မနှိုင်းယှဉ်ခဲ့ပါဘူး။
တွစ်တာမှာ တင်ပြီး ပြန်ဖျက်သွားခဲ့တဲ့ လီဗာပူးလ်ပရိသတ် DaveOCKOP ရဲ့ နှိုင်းယှဉ်မှုကို အန်ဒီ ကိုးက မြင်တွေ့ သွားခဲ့ပြီးနောက် ခုလို တုန့်ပြန်ခဲ့တာပါ။
“ကိုး Vs နူးညက်ဇ်။ ကျွန်တော်တို့ ဒီလို အဓိပ္ပာယ်မရှိတာတွေ စတင်ခဲ့တာ သေချာမသိပါဘူး။ ဒါပေမယ့် ခရစ္စမတ် ပွဲတော်ရာသီပဲ။ ကျွန်တော်က ပျော်ရွှင်စွာ အနားယူခဲ့ပြီးပါပြီ။
ပရီးမီးယားလိဂ်ဖလား ၅ လုံး၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ရွှေဖိနပ်၊ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု။ ပရီးမီးယားလိဂ်သွင်းဂိုး ၁၈၇ ဂိုး။ ပင်နယ်တီသွင်းဂိုး ၁ ဂိုး။ ဘဝဆိုတာက ခင်ဗျား ဖန်တီးရမယ့်အရာ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အန်ဒီ ကိုးဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပြီး DaveOCKOP က မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကို မလေးမစား လုပ်ချင်တဲ့ဆန္ဒမရှိတဲ့အကြောင်းကို ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
“ဟိုင်း အန်ဒီ။ မူလတွိက စကားလုံးတွေက ဆိုးရွားခဲ့တယ်။ ခင်ဗျားက ထိပ်တန်းကစားသမားပါ။ မူလကတည်းက ပိုပြီးကောင်းမွန်တဲ့ စကားလုံးကို သုံးခဲ့ရမှာပါ။ နူးညက်ဇ် တွိကို ပိုပြီးတော့ တိကျအောင် ပြန်ပြင်ပေးပါမယ်။ ကျေးဇူးပြုပြီး နောက်ထပ်ဖြည့်ထားတာကို ကြည့်ပေးပါ။ (ပြီးခဲ့တဲ့ရာသီ အကြီးမားဆုံးအခွင့်အရေး အလွဲချော်ဆုံး ၃ ဦး။ ၁. ဟာရီ ကိန်း၊ ၂. ဆွန်၊ ၃. မို ဆာလား)။ အကောင်းဆုံး တိုက်စစ်မှူး ၃ ဦး”လို့ ပြန်လည် ရေးသားခဲ့ပါတယ်။