ဂျာအို ဖိလစ်ကို ပရီးမီးယားလိဂ် အသင်းကြီး ၃ သင်း အပြိုင် လိုက်နေပြီး ဘယ်သူရမလဲ စိတ်ဝင်စားဖွယ် ဖြစ်နေ

လာမယ့် ဆောင်းဈေးကွက်မှာ အသင်းသစ် ပြောင်းဖို့ ကြံရွယ်နေတဲ့ အက်သလက်တီကို မက်ဒရစ် အသင်းမှ ပေါ်တူဂီ တိုက်စစ်ကစားသမားလေး ဂျာအို ဖိလစ် ကို မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် အပြင် ချဲလ်ဆီးအသင်း ကပါ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ပထမရာသီဝက်အတွင်းမှာ ဂိုးသွင်းအားတွေ နည်းပါးလျက် ရှိနေတာ ကြောင့် ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက အသင်းတိုက်စစ်ပိုင်းအတွက် အားဖြည့်တင်းမှုတွေ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှာ အူဘာမီယန်း စတာလင် ဟာဗက်ဇ် ပူလီဆစ် ဇီယက်ရှ်တို့ ရှိနေပေမယ့် ပရီးမီးယားလိဂ် (၁၄)ပွဲ ကစားထားပြီးချိန်မှာ (၁၇)ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်သလို စတာလင် ဟာဗက်ဇ်တို့သာ လိဂ်ဂိုး(၃)ဂိုးစီ သွင်းယူထားကြပြီး အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးသူတွေ ဖြစ်နေရပါတယ်။

လက်ရှိမှာလည်း ချဲလ်ဆီးက အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာထိကို ရောက်ရှိနေတာကြောင့် top 4 ထဲ ပြန်လည် တတ်လှမ်းနိုင်ဖို့အတွက် အသင်းတိုက်စစ်ပိုင်းကို အင်အား မြှင့်တင်သွားချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အာဆင်နယ်တို့အတူ အသက်လက်တီကိုက တိုက်စစ်ကစားသမားလေး ဖိလစ် ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဖိလစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီနဲ့ အဆင်မပြေမှုတွေ ရှိနေတာကြောင့် ပွဲကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်နေရပြီး ဇန်နဝါရီဈေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားချင်နေပါတယ်။

အရည်အသွေးမြင့် ဘင်ဖီကာ ကစားသမားဟောင်း ဖိလစ်ကို အက်သလက်တီကိုဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့မှ ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီဝက် အငှားနဲ့ ခေါ်မယ် ဆိုရင်တောင် အပြီးသတ် ခေါ်ယူခွင့်မှာ ပြောင်းရွှေ့ကြေး ခပ်များများနဲ့ ကမ်းလှမ်းလာမယ့် ကလပ်အသင်းဆီကိုသာ ရောင်းချသွားချင်နေပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဖိလစ် ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်က သူ့ကစားသမားရဲ့ အနာဂတ် အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဆွေးနွေးနေပြီဖြစ်လို့ ဖိလစ်ကို ယူနိုက်တက် အာဆင်နယ်နဲ့ အခုနောက်တိုး ချယ်လ်ဆီး ဘယ်အသင်းက ရရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။