အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ဘက်တွေ ထိတ်လန့်လောက်တဲ့ ၃၈ နှစ်ကြာ မှတ်တမ်းကို မန်ယူအသင်း ပိုင်ဆိုင်ထား

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်လည်စတင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်ထဲက နော်တင်ဟမ်ဖော်ရက်စ်ကို အိမ်ကွင်းမှာ (၃-ဝ)ဂိုးပြတ်နဲ့အနိုင်ယူခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကို (၁၉)မိနစ်မှာ အဲရစ်ဆင်ရဲ့ ထောင့်ကန်ဘောကနေ ရပ်ရှ်ဖို့ဒ် သွင်းယူခဲ့ပြီး (၂၂)မိနစ် မှာတော့ ရပ်ရှ်ဖို့ဒ် ပေးလိုက်တဲ့ ဘောလုံးကို မာစီယဲလ်က အပိုင်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

တတိယမြောက်ဂိုးကို (၈၇)မိနစ်မှာ ကတ်စ်မဲရိုး ခင်းပေးတာကနေ ဖရက်ဒ်က ဘယ်ခြေနဲ့ပိတ်သွင်းခဲ့တာဖြစ်ပြီး ဒီဂိုးဟာ အောက်တိုဘာလတုန်းက စပါးအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ပွဲနောက်ပိုင်း ဖရက်ဒ် ဂိုးပေါက်ပြန်ရှာတွေ့ခဲ့သလို ယူနိုက်တက်ကစားသမားဘ၀ (၁၀)ဂိုးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ညက ပွဲမြှ ပထမပိုင်းအပြီးမှာပဲ နော်တင်ဟမ်ဖော်ရက်စ်ကို (၂-ဝ)ဂိုးပြတ် အနိုင်ရပြီး ပွဲအပြီးမှာ (၃)မှတ်အပြည့်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမပိုင်းအပြီး ပြိုင်ဘက်ကို ဦးဆောင်ဂိုးသွင်းနိုင်တဲ့ အိမ်ကွင်းပွဲတိုင်း ဘယ်တော့မှ မရှုံးတဲ့မှတ်တမ်းကောင်း ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်းကတည်းက အိမ်ကွင်းအမှတ်ပေးပွဲတွေမှာ ပထမပိုင်းအပြီး ပြိုင်ဘက်ကို ဦးဆောင်နိုင်ရင် ရှုံးပွဲမတွေ့တာက နှစ်ပေါင်း(၃၈)နှစ်အထိ ရှိလာပြီး အဲဒီကာလအတွင်း ပွဲပေါင်း(၃၀၇)ပွဲကစား၊ (၂၈၄)ပွဲနိုင်၊ (၂၃)ပွဲသရေကျခဲ့ပါတယ်။

ဒီမှတ်တမ်းကောင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြိုင်ဘက်တွေ အတွက် ထိတ်လန့်ဖွယ် မှတ်တမ်းကောင်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။

အခုပွဲအနိုင်ရခဲ့တာကြောင့် ယူနိုက်တက်တို့ အဆင့်(၅)နေရာက စပါးအသင်းနဲ့ တစ်ပွဲလျော့၊ (၁)မှတ်သာကွာတော့လို့ အဆင့်(၄)နေရာရယူနိုင်ဖို့ အခြေအနေ ပိုကောင်းလာပြီလည်း ဖြစ်ပါတယ်။