ချန်ပီယံလိဂ် ဖလားသာ မရပေမယ့် UEFA ရဲ့ သတ်မှတ်ချက်မှာ အဆင့် (၁) နေရာ ယူထားတဲ့ မန်စီးတီး အသင်း

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ ကလပ်အသင်း အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်လာခဲ့ရာမှာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးအသင်းက အဆင့်(၁)နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်လာခဲ့တဲ့ UEFA ရဲ့ ကလပ်အသင်း အဆင့်သတ်မှတ်ချက်မှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးအသင်းက အဆင့်(၁)နေရာကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အဆင့်(၂)နေရာမှာ ဘိုင်ယန်မြူးနစ် အဆင့်(၃)နေရာမှာ လီဗာပူးလ် အဆင့်(၄)နေရာမှာ ချယ်လ်ဆီးနဲ့ အဆင့်(၅)နေရာမှာ ပီအက်စ်ဂျီအသင်းတို့က အသီးသီး ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်နဲ့ အိုင်းယတ်စ်အသင်းတို့ကတော့ အဆင့်(၆)ကနေ အဆင့်(၁၀)အတွင်း အစဉ်လိုက် ရပ်တည်နေကြပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက အဆင့်(၂၃) စီးရီးအေမှာ ဦးဆောင်နေတဲ့ နာပိုလီအသင်းက အဆင့်(၂၂)နေရာတို့မှာ ရှိနေကြပါတယ်။

Top 10 အတွင်း ရပ်တည်နေတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးက မန်စီးတီး အပါအဝင် ပီအက်စ်ဂျီ မန်ချက်စတာ ယူနိုက်တက်နဲ့ အိုင်းယတ်စ်အသင်းတို့က ယခင်ကထက် အဆင့်သတ်မှတ်ချက်တွေ မြှင့်တတ်လာခဲ့ရပြီး ဘိုင်ယန်မြူးနစ် ရီးယဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်တို့ကတော့ အဆင့်သတ်မှတ် ကျဆင်းသွားခဲ့ရသလို လီဗာပူးလ် ချယ်လ်ဆီး ဘာစီလိုနာတို့ကလည်း နဂိုအဆင့်အတိုင်းသာ ဆက်လက် ရှိနေရပါတယ်။

(၁၀)နှစ်ကာလအတွင်း UEFA အဆင့်သတ်မှတ်ချက်အတွင်းမှာတော့ ရီးယဲလ်မက်ဒရစ်က ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဘိုင်ယန်မြူးနစ် ဘာစီလိုနာ ဂျုဗင်တပ်စ် ချယ်လ်ဆီး အသက်လက်တီကိုမက်ဒရစ် ပီအက်စ်ဂျီ မန်ချက်စတာစီးတီး လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ထိပ်ဆုံး (၁၀)သင်းစာရင်းမှာ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

အမျိုးသမီး ကလပ်အသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်မှာတော့ လိုင်ယွန်အမျိုးသမီးအသင်းက ထိပ်ဆုံးနေရာကနဲ့ ဦးဆောင်နေပြီး သူရဲ့နောက်မှာ ဘာစီလိုနာ ပီအက်စ်ဂျီ ဝုလ်ဖ်ဘတ်နဲ့ ဘိုင်ယန်မြူးနစ်တို့က အသီးသီး ရပ်တည်နေပါတယ်။