အားရနေတဲ့ အာတီတာ၊ အကောင်းမြင်နေဆဲ ဂွာဒီယိုလာ၊ ဒိုလေး ကိစ္စ မေ့ကြဖို့ တန်ဟက် တိုက်တွန်းခြင်းနဲ့ နံနက်ခင်း သတင်းများ
မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ စီ ရော်နယ်ဒိုရဲ့ ထွက်ခွါမှုကနေ အသင်းသားတွေ အမြန်ဆုံး နိုးထလာနိုင်ဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ် အသင်းနည်းပြ အာတီတာက ဘရိုက်တန် အသင်းနဲ့ပွဲကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့တဲ့ အသင်းသားတွေရဲ့ ရင့်ကျက်လာမှုတွေကို အားရမိကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီး နည်းပြ ဂွာဒီယိုလာက အဲဗာတန်နဲ့ သရေကျခဲ့ရပေမယ့် ၎င်းရဲ့ အသင်းအပေါ် အကောင်းမြင်နေဆဲ ဖြစ်ပြီး အမှတ်ပေးဖလားအတွက် ဆက်လက် မျှော်လင့်နိုင်သေးကြောင်း ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းတိုက်စစ်မှူး ဗင်နီးရှက်ကတော့ ပြီးခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ပွဲမှာ ၎င်းကို အသားအရောင် ခွဲခြားခဲ့ကြတဲ့ ပြိုင်ဘက်ပရိသတ်တွေကို ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဝက်စ်ဟမ်း ကွင်းလယ်ကစားသမားဟောင်း ပါကားဟာ ကလပ်ဘရုဂျ်နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သတင်း ရရှိပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ်ကို ဘယ်သူမှ မရပ်တန့်နိုင်တော့ဘူးလို့ ချီးကျူးလိုက်ပြီး လာမယ့် နယူးကာဆယ်၊ စပါး၊ မန်ယူတို့နဲ့ ပွဲစဉ်တွေကို ဆက်တိုက် အနိုင်ကန်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အသင်း လက်မဲ့ဖြစ်နေတဲ့ လူးဝစ်ဆွာရက်ဇ်ဟာ နောက်ဆုံးမှာတော့ ဘရာဇီးလ်ကလပ် ဂရီမီယိုနဲ့ ၂၀၂၄ နှစ်ကုန်အထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ နောက်ခံလူ အယ်လ်ဘာရဲ့ အနီကဒ်ပြ ထုတ်ပယ် ခံရမှုနဲ့အတူ အက်စ်ပန်ညိုနဲ့ တစ်ဖက်တစ်ဂိုး သရေရလဒ်သာ ရရှိခဲ့ပါတယ်။
အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ မက်ဆီကတော့ ၂၀၂၂ ခုနှစ်ဟာ ၎င်းရဲ့ အိမ်မက်တွေ ဖြစ်မြောက်လာစေတဲ့ နှစ်တစ်နှစ် ဖြစ်တယ်ဆိုပြီး နှစ်ဟောင်းကို နှုတ်ဆက်သွားခဲ့ပါတယ်။